မန္တလေးမြို့ အိမ်ခြံမြေတန်ဖိုး စံနှုန်းသတ်မှတ်ချက်များ ပြန်လည်ညှိနှိုင်းပြင်ဆင်မည်

မန္တလေးမြို့တွင် အိမ်ခြံမြေ အရောင်းအ၀ယ်ပြုလုပ်လျှင် အခွန်ပေးဆောင်ရန် သတ်မှတ်ထားသည့် မန္တလေးမြို့ အိမ်ခြံမြေ တစ်ဧကစံနှုန်းများကို ပြန်လည်ပြင်ဆင်ညှိနှိုင်းပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စတင်သတ်မှတ်ခဲ့သည့် မန္တလေးမြို့ အိမ်ခြံမြေတန်ဖိုးစံနှုန်းသတ်မှတ် ချက်များသည် ပြင်ပဈေးကွက်တွင် အရောင်းအ၀ယ်ဖြစ်နေသော ကာလပေါက်ဈေးထက် ပိုများနေပြီး အခွန် ဆောင်ရန် အခက်တွေ့နေကြောင်း မြို့ခံများက ပြောဆိုပြီးနောက် ပြန်လည်ပြင်ဆင် သတ်မှတ်နိုင်ရန် ညှိနှိုင်းပေး မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး က ပြောကြားခဲ့သည်။

အိမ်ခြံမြေဈေး စံနှုန်းများအား လာမည့်ဘဏ္ဍာနှစ်မှစ၍ ဧပြီတွင် ပြန်လည်ပြင်ဆင်ပေးနိုင်ရန် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး မြို့ခံများအနေဖြင့်လည်း ဖြစ်စေလိုသည့် ဈေးနှုန်းများ ကို ဖေဖော်ဝါရီလ ၁၀ ရက် နောက်ဆုံးထား တင်ပြပေးစေလိုကြောင်း တိုင်းဦးစီးမှူးက ပြောသည်။
“ အိမ်ခြံမြေ တန်ဖိုးဖြတ်တဲ့ အဖွဲ့ဝင်ခြောက်ဦး ရှိပါတယ်။ အဲဒီခြောက်ဦးစလုံး သူ့ဌာအလိုက် ပြန်ညှိပါ မယ်။ ဒီပရိုပိုဆယ်တွေပေါ် မူတည်ပြီးတော့မှ တိုင်းဒေသကြီးအစိုးအဖွဲ့ကို ပြန်တင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ကက်ဘိနက်က ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်” ဟု တိုင်းဦးစီးမှူးက ပြောသည်။
ဇန်န၀ါရီလ ၁၈ ရက်က ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်နှင့် မန္တလေးမြို့မှ ဥပဒေပညာရှင်များ၊ အိမ်ခြံမြေ အကျိုးဆောင်များ တွေ့ဆုံရာတွင် မန္တလေးမြို့ အိမ်ခြံမြေတန်ဖိုးစံနှုန်း သတ်မှတ်ချက်များအပေါ် သုံးသပ်ဆွေးနွေးခဲ့သည်။ ပြင်ပတွင် အရောင်းအ၀ယ်ဖြစ်နေသည့် ပေါက်ဈေးထက် များနေပြီး ကာလပေါက်ဈေးထက် ဈေးပိုကာ သတ်မှတ်ထားခြင်းကြောင့် အိမ်ခြံမြေ ၀ယ်ယူသူများအနေဖြင့် အခွန် ဆောင်ရန် အခက်တွေ့နေကြောင်း မြို့ခံများက တင်ပြခဲ့သည်။ ထို့အပြင် အိမ်ခြံမြေဈေးနှုန်းသတ်မှတ်ရာတွင် တစ်ဧကချင်းအလိုက် သတ်မှတ်ခြင်းနှင့် အသေးစိတ်မဟုတ်ဘဲ အနိမ့်ဆုံးဈေးနှင့် အမြင့်ဆုံးဈေးများသာ သတ်မှတ်ထားခြင်းကြောင့် ပြင်ပပေါက်ဈေးထက် ပိုမိုကွာဟစေသည်ဟုဆိုသည်။

“ အပြင်ပေါက်ဈေးရဲ့ လေးပုံတစ်ပုံ၊ သုံးပုံတစ်ပုံလောက်ပဲ သတ်မှတ်ပေးစေလိုပါတယ်။ သို့မှသာ အခွန် ဆောင်သူရှိလာမှာပါ။ လက်ရှိသတ်မှတ်ချက်အရ တန်ဖိုးသတ်မှတ်မှုက ပြင်ပပေါက်ဈေးထက် ဈေးမြင့်နေလို့ အခွန်မဆောင်ကြသလို ယာယီမှတ်ပုံတင်စာချုပ်လည်း ချုပ်ခွင့်မရလို့ အိမ်ခြံမြေ ၀ယ်ယူရောင်းချသူများက SP/GP စနစ်များဖြင့် လွှဲပြောင်း ရောင်းချနေကြရပါတယ်” ဟု မန္တလေးမြို့ မန်းမြေရာဇာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးကျော်ဝင်း က ပြောကြားသည်။

ထို့အပြင် မန္တလေးမြို့တွင် အိမ်ခြံမြေဈေး စံနှုန်းသတ်မှတ်ရာ၌ တစ်ဧကနှုန်းထားဖြင့် သတ်မှတ်ခြင်းမဟုတ် ဘဲ တစ်ပေပတ်လည်နှုန်းများဖြင့် သတ်မှတ်ပေးစေလိုကြောင်း၊ လမ်းပိုင်းများအလိုက် အရှေ့အနောက် တောင်မြောက် ခွဲခြားသတ်မှတ်ပေးရန် ကြားကွက်များ၊ ဘလောက်များအလိုက် အနုစိတ်သတ်မှတ်ပေးရန် မန္တလေးမြို့ခံ အိမ်ခြံမြေအကျိုးဆောင်များက တောင်းဆိုသည်။
သင့်တင့်သော အိမ်ခြံမြေ ဈေးစံနှုန်းများ သတ်မှတ်ပေးနိုင်လျှင် တရားဝင် အခွန်ဆောင်ပြီး အိမ်ခြံမြေ အရောင်းအ၀ယ်လုပ်ကိုင်သူ ပိုများလာနိုင်သည်ဟု မြို့ခံများက ပြောသည်။