အိမ်ရာစီမံကိန်းများနှင့် ကျောမွဲတို့၏ လားရာ



၂၀၁၁ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရတက်လာသည့်အချိန်တွင် ရာစုနှစ်ဝက်ကြာ စောင့်ဆိုင်းခဲ့ကြရသည့် ဒီမိုကရေစီအစိုးရအပေါ် လူနေမှုဘ၀အခြေအနေ တိုးတက်လာရေးနှင့်ပတ်သက်၍ ပြည်သူတို့မျှော်လင့်ချက် တစ်ခုထားရှိခဲ့ကြသည်။ သို့သော်လည်း ရွှေပြည်တော်ကတော့ မျှော်တိုင်းဝေးရဆဲ။ အဂတိလိုက်စားမှုနှင့် ညံ့ဖျင်းသော စီမံခန့်ခွဲမှုစနစ်ကို ကျော်လွှားနိုင်ခြင်းမရှိသည့်အခါ နိုင်ငံရေးအပြောင်းအလဲတွင် ပြည်သူသည် ကောင်းကျိုးတစ်စုံတစ်ရာ ရရှိခံစားခဲ့ရခြင်း မရှိပေ။ မျှော်လင့်ချက်တွေသာထားခဲ့ကြရသည် ဘ၀တွေမှာတော့ ဒုံရင်းအတိုင်းပင်။

ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံတွင် မည်သူမျှ မျှော်မှန်းထားခြင်းမရှိခဲ့သည့် အိမ်ခြံမြေဈေးကွက်နှင့် ကြုံတွေ့လိုက်ရသည့်အခါ ရင်းနှီးမြှုပ်နှံမှုများ ထင်သလောက် ၀င်ရောက်လာနိုင်ခြင်း မရှိခဲ့ပေ။ ထို့ပြင် ရင်းနှီးမြှုပ်နှံသူများကိုမျှော်ကိုး၍ ဈေးတင်ကစားနေသည့် အိမ်ခြံမြေဈေးကွက်ကြောင့် အခြေခံလူတန်းစားမှာလည်း အခက်အခဲများစွာနှင့် ရင်ဆိုင်လာရသည်။ အိမ်ခြံမြေဈေးကွက်သည် အခွန်ရှောင်လိုသူများ၊ ငွေကြေးခ၀ါချလိုသူများနှင့် ၀င်ငွေရလမ်း မဖော်ပြနိုင်သူများအတွက် စီးပွားရေးလုပ်ရန် အကောင်းဆုံး နေရာတစ်နေရာဖြစ်လာခဲ့သည်။ အကျိုးဆက်အနေဖြင့် စီးပွားရေးလုပ်ငန်းရှင် လက်တစ်ဆုပ်စာသာ သုံးမကုန်ဖြုန်းမကုန်အောင် ချမ်းသာသွားခဲ့ပြီး ဆင်းရဲသားကျောမွဲများမှာတော့ ကျောတစ်ခင်းစာတစ်နေရာအတွက်ပင် သောကရာက်ကြရသည်။ လက်ရှိအိမ်ခြံမြေဈေးနှုန်းသည် ၀င်ငွေအသင့်အတင့်ရှိသော လူလတ်တန်းစားများအတွက်ပင် အိုးပိုင်အိမ်ပိုင်ရှိရန်အတွက် စိတ်ကူးမယဉ်ရဲဘဲ ဖြစ်နေစေသည်။ အိမ်ခြံမြေဈေးနှင့်အတူ မြင့်တက်လာသည့် အိမ်ငှားခဈေးနှုန်းများကြောင့် အိမ်ငှားနေရသူများမှာလည်း တစ်နှစ်ထက်တစ်နှစ် အသက်ရှူကျပ်လာခဲ့ရသည်။ သာမန်ပြည်သူများအနေဖြင့် မည်သို့မျှ လက်လှမ်းမမီသော အိမ်ခြံမြေဈေးနှုန်းကြောင့် ကျူးကျော်နေရာယူသည့် ပြဿနာများလည်း ခပ်စိပ်စိပ်ဖြစ်ပွားလာရသည်။

ထိုပြဿနာကိုဖြေရှင်းရန်အတွက်ဟုဆိုကာ အစိုးရက တန်ဖိုးနည်းအိမ်ရာ အကောင်အထည်ဖော်သည်။ သိန်း၂၀၀ ကျော်နေသည့် တန်ဖိုးနည်းအိမ်ရာများ ဝေဖန်ခံရသောအခါ တန်ဖိုးမျှတအိမ်ရာဟု ခေါင်းစဉ်တပ်ကာ နောက်ထပ်အိမ်ရာတစ်ခု ဖော်ပြန်ပါသည်။ ရောင်းချရန် ဈေးနှုန်းများထွက်လာသည့်အခါ တန်ဖိုးနည်းအိမ်ရာဆိုသည့် တိုက်ခန်းများမှာ အနည်းဆုံး သိန်း၁၀၀ကျော်နေပြီး တန်ဖိုးမျှတတိုက်ခန်းများမှာ အနိမ့်ဆုံးဈေး သိန်း ၂၀၀ ကျော်ရှိနေသည်။ ထူးဆန်းနေသည့်အချက်မှာ တန်ဖိုးနည်းတန်ဖိုးမျှတဟုသာဆိုသည် သာမန်လက်လုပ်လက်စားမဆိုထားနှင့် လူလတ်တန်းစားများပင် မတတ်နိုင်သည့် ဈေးနှုန်းများဖြင့် အိမ်ရာများကို လျှောက်ထားသည့်အရေအတွက်မှာ ရှိသည့်တိုက်ခန်းပမာဏထက်ပင် သုံးဆခန့်ပိုမိုများပြားနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူဦးရေနှင့်ရရှိနိုင်သော မြေပမာဏအချိုးအရဆိုလျှင် လက်ရှိဖြစ်ပေါ်နေသော အိမ်ခြံမြေဈေးနှုန်းများမှာ စီးပွားရေးမသမာမှုများကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများဆိုသည်မှာ ထင်ရှားပါသည်။ နောက်တစ်ချက် မေးခွန်းထုတ်ရမည်မှာ ယခုအိမ်ရာစီမံကိန်းများ၏ ဆင်းရဲသားများအပေါ်တွင် အကျိုးသက်ရောက်နိုင်မှုဖြစ်သည်။ ယခင်အစိုးရလက်ထက်တွင် အစိုးရ၀န်ထမ်းများ၊ စစ်မှုထမ်းများအား မြေကွက်ရောင်းချပေးသည့် စီမံကိန်းများ လုပ်ခဲ့ဖူးသည်။ ရာထူးကြီးသည့်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များသာ မြေကွက်ရာထောင်ချီ၍ ပိုင်ဆိုင်သွားပြီး အောက်ခြေသမားများမှာ ယခုအချိန်ထိ အိမ်ငှားဘ၀က တက်မလာခဲ့ပါ။ ဖြစ်ခဲ့ပြီးသောသာဓကများကို ပြန်ကြည့်မည်ဆိုလျှင် ဆင်းရဲသားများအတွက် ပြုလုပ်သည်ဆိုသည့် စီမံကိန်းမှန်သမျှလိုလိုသည် အဆုံးသတ်တွင် ချမ်းသာသည့်သူများနှင့် ရာထူးကြီးသူများလက်ထဲသို့သာ နောက်ဆုံးရောက်ရှိသွားခဲ့ရသည်ကို မြင်တွေ့နိုင်ပါလိမ့်မည်။ ယခုအိမ်ရာစီမံကိန်းများရော မည်ကဲ့သို့ထိန်းသိမ်းရောင်းချကြမည်နည်း။ ဆင်းရဲသားကျောမွဲတို့အတွက် တကယ်အကျိုးရှိလာနိုင်မည်လား၊ နဂိုရှိပြီးသားသူများအတွက်သာ တံခါးပိတ်ထားရမည့် နောက်ထပ်တိုက်ခန်းတစ်ခန်း ဖြစ်လာဦးမှာလားစသည့် မေးခွန်းများအတွက်တော့ အဖြေမှာမရေရာနိုင်သေးပါ။ ထို့ကြောင့် အစိုးရအနေဖြင့် ပြည်သူလူထု၏ကျောတစ်ခင်းစာအတွက် လက်ပူတိုက်ရေတိုစီမံကိန်းများ ဖန်တီးနေမည့်အစား အမှန်တကယ်အကျိုးရှိနိုင်မည့် နည်းလမ်းများဖြင့် ဖန်တီးအဖြေရှာရန် လိုအပ်နေပြီဖြစ်ကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

Eleven Media Group