ငွေကြေးအခက်အခဲကြောင့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်း ကြန့်ကြာ

ဧရာဝဏ် အိမ်ရာစီမံကိန်းနဲ့ ရတနာအိမ်ရာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ရှစ်လတာခန့်ရှိပြီ ဖြစ်ပေမဲ့ ငွေကြေးအခက်အခဲကြောင့် တည်ဆောက်ရေးအပိုင်းမှာ ကြန့်ကြာ နေတယ်လို့ သိရပါတယ်။

အဲသည် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းကို ပုဂ္ဂလိက ကုမ္ပဏီ ၂၅ ခုခန့်က တာဝန်ယူတည်ဆောက်နေတယ် လို့ ဆိုထားပေမဲ့ ရာနှုန်းပြည့်ပြီးစီးအောင် လုပ်နိုင်တဲ့ ကုမ္ပဏီက လက်ချိုးရေလို့ရတဲ့ အနေအထားမှာရှိတယ်လို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရပါတယ်။

တာဝန်ရှိသူတစ်ဦးက “ရင်းနှီးထားရတဲ့ ငွေကြေးတန်ဖိုးက များပြားလွန်းတော့ ကုမ္ပဏီတချို့က မတတ် နိုင်ဘူး။ တကယ်တမ်း မလုပ်နိုင်လို့ လုပ်ငန်းတိုးတက်မှုနှုန်း မရှိတဲ့အပိုင်းတွေ ရှိလာတယ်” လို့ ပြောပါတယ်။

ပြည်သူ့အိမ်ရာစီမံကိန်းလို့အမည်တွင်တဲ့ ဧရာဝဏ်နဲ့ ရတနာအိမ်ရာ စီမံကိန်းမှာ အထပ်မြင့် ၁၈ ထပ်ပါတဲ့ တိုက်ခန်းပေါင်း ၄၉ လုံး၊ အခန်းအကျယ်က ၆၀၀ စတုရန်းပေရှိမှာဖြစ်တယ်။ အခန်းအရေအတွက် စုစုပေါင်း ၁၉၀၀၀ ကျော်ပါဝင်မယ်လို့ ဆိုပါတယ်။
ဘလော့အေ(A)မှာ ကေ(K)အပိုင်း လိုက်ဖော်ဆောင်မယ့် အဲသည်တန်ဖိုးမျှတအိမ်ရာစီမံကိန်းကို ပုဂ္ဂလိက ကုမ္ပဏီတွေက သူ့အပိုင်း(ဘလော့ဂ်)နဲ့သူ တိုက် တစ်တိုက်ချင်းစီအလိုက် တည်ဆောက်တာဖြစ်တယ်။ ခုချိန်မှာ ဘိုးပိုင်တူးတဲ့ လုပ်ငန်းစတင်နေပြီ ဖြစ်ပါတယ်။ အဲသည် ဘိုးပိုင်တူးတဲ့ လုပ်ငန်းက ရတနာအိမ်ရာဘက်မှာ ပြီးစီးမှု များပေမဲ့ ဧရာဝဏ်အိမ်ရာဘက်ခြမ်းမှာတော့ လုံးဝ မလုပ်ရသေးတဲ့ အပိုင်းအချို့ ရှိနေသေးတယ်လို့ သိရပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်မှာနေထိုင်သူ ကိုမိုးသောက် က “အဲဒီအိမ်ရာဖော်ဆောင်မယ့်နေရာမှာ နေ့ရော ညပါ လုပ်ငန်းတွေ လုပ်နေတာ မြင်ရတာပဲ၊ ဘိလပ်မြေစက်ကြီးလည်း တည်ထားတာတွေ့ရတယ်၊ ဒါပေမဲ့ ကုမ္ပဏီတွေ အကုန်လုံး တစ်ပြေးညီ လုပ်နေတာတော့ မဟုတ်ဘူး။ လုပ်တဲ့ ကုမ္ပဏီကလုပ်၊ ရပ်ထားတဲ့ ကုမ္ပဏီကလည်း ရပ် ထားတာတွေ့ရတယ်။ ဒါပေမဲ့ အစိုးရကို အချိန်နဲ့ အပ်ရမှာဆိုတော့ မပြီးပြီးအောင်တော့ လုပ်သွားကြမှာပါပဲ” လို့ သူ့ထင်မြင်ချက်ကို ပြောပါတယ်။

ဆောက်လုပ်ရေး ၀န်ကြီးဌာနက ကြီးကြပ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအတွက် ရည်ရွယ်ဖွင့်လှစ် မယ့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ဧရာဝဏ်နဲ့ ရတနာအိမ်ရာ စီမံကိန်းက ငွေကြေးလိုအပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် ချေးငွေပေးရေး အဓိကထား ဆောင်ရွက်မှာ ဖြစ်တယ်လို့ အဆိုပါ ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်မှာ တည်ရှိပြီး နိုင်ငံတော်ဘတ်ဂျတ်နဲ့ တည်ဆောက်ထားတဲ့ ဧရာဝဏ်အိမ်ရာစီမံကိန်း နဲ့ ရတနာအိမ်ရာစီမံကိန်းက ၂၀၁၅ ခုနှစ် မတ်လမှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။
အဲသည် အိမ်ရာစီမံကိန်းမှာ စာသင်ကျောင်း၊ အားကစားကွင်း၊ ဈေး၊ ဘတ်စ်ကားလိုင်း၊ ဆေးရုံ၊ ရဲစခန်း၊ မီးသတ်စခန်း၊ ရေဆိုးသန့်စင်စနစ်တို့ ပါဝင်ထားတယ်လို့ သိရပါတယ်။
တိုက်ခန်းဈေးနှုန်းကလည်း ကျပ်သိန်း ၂၀၀ ၀န်းကျင်လောက်ဖြစ်နိုင်တယ်လို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုတယ်။