၂၀၀၅ ခုနှစ်ကတည်းက မီးလောင်ခဲ့သော လှိုင် ၁၃ ရပ်ကွက် မီးလောင်ပြင်နေရာ၌ အများပြည်သူနှင့်သက်ဆိုင်သည့် စီမံကိန်းတစ်ခု အကောင်အထည်ဖော်မည်



၂၀၀၅ ခုနှစ်ကတည်းက မီးလောင်ခဲ့သော ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ လှိုင် ၁၃ ရပ်ကွက် မီးလောင်ပြင်နေရာ၌ အများပြည်သူနှင့်သက်ဆိုင်သော စီမံကိန်းတစ်ခု အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

လှိုင် ၁၃ ရပ်ကွက် အိမ်ခြေ ၁၅၅၇ လုံး မီးလောင်ပျက်စီးခြင်းကြောင့် မြေကွက်လပ်ကြီးဖြစ်ကာ မူလက ယင်းနေရာအား အားကစားကွင်းလုပ်ခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းအာကစားကွင်းအဖြစ် ဆက်လက်အသုံးပြုခြင်း မရှိတော့ဘဲ ရှစ်နှစ်ကျော်ကြာမြင့်သည်အထိ မြေနေရာမှာ ရေများဝပ်၍ ရေအိုင်ကြီးသာ ဖြစ်နေခဲ့ကြောင်း၊ ထို့ကြောင့် ယခုမြေများဖို့ကာ မြေအသုံးပြု၍ရအောင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စတင်ပြုလုပ်နေပြီး မည်သည့်စီမံကိန်းကြီး ပြုလုပ်မည်ဆိုသည်ကိုမူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် အစည်းအဝေးမှတစ်ဆင့် ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“လှိုင် ၁၃ ရပ်ကွက် မီးလောင်ပြင်နေရာက ဘာမှအသုံးမပြုတဲ့အတွက် ရေအိုင်ကြီးဖြစ်နေတာပါ။ အဲဒါကို အရင်ဆုံး မြေအသုံးပြုလို့ရအောင် ပြုပြင်မှုတွေ လုပ်နေပါတယ်။ ပြုပြင်မှုတွေလုပ်ပြီးမှ ဒါကို ကော်မတီ အစည်းအဝေးမှာ တင်ပြပြီး ဘာစီမံကိန်း လုပ်မယ်ဆိုတာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့စီမံကိန်းပဲ လုပ်မှာပါ။ အများပြည်သူအတွက်ပဲ အသုံးချသွားမှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

လှိုင် ၁၃ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက “၂၀၀၅ မီးလောင်ခဲ့တုန်းကလည်း ကံကောင်းလို့ မီးထဲပါမသွားခဲ့တာပါ။ မီးလောင်ပြင်ကြီးကလည်း ရေအိုင်ကြီးအဖြစ်နဲ့ပဲ ရှိခဲ့တာကြာပါပြီ။ အခုတော့ အဲဒီနေရာမှာ မြေဖို့နေတာကို တွေ့ရတယ်။ ဒီလိုမီးလောင်ပြင်နေရာကို အများပြည်သူအတွက် အကျိုးရှိတဲ့နေရာအဖြစ် အသုံးချပေးမယ်ဆိုရင်တော့ ကောင်းတဲ့သတင်းပါ” ဟု ပြောကြားသည်။

လှိုင် ၁၃ ရပ်ကွက်သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ပေါ့ဆမီးမှတစ်ဆင့် မီးလောင်ခဲ့ရခြင်းဖြစ်ပြီး အိမ်ခြေ ၁၅၅၇ လုံးမီးလောင်ခဲ့ရကာ လူဦးရေ ၆၇၅၀ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ရကြောင်း ယင်းအချိန်က ထုတ်ပြန်ခဲ့မှုအရ သိရသည်။

EMG