မူဆယ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအရ အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် လူနေအိမ်ခန်းများတည်ဆောက်မှု ရာခိုင်နှုန်း ၉၀ ကျော် ပြီးစီးနေပြီး မတ်လကုန်တွင် အခန်းပိုင်ရှင်များထံ အပ်နှံမည်



ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ဟိုမွန်ရပ်ကွက်တွင် ဒေသဖွံ့ဖြိုးရေး စီမံကိန်းအရ အဆင့်မြင့်ရှစ်ထပ်ဟိုတယ်၊ တည်ဆောက်ရေးစီမံကိန်း၊ အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် လူနေအိမ်ခန်း ၂၀၂ ခန်းတည်ဆောက်လျက်ရှိရာ အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် လူနေအိမ်ခန်းတည်ဆောက်မှုမှာ ရာခိုင်နှုန်း ၉၀ ကျော် ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါစီမံကိန်းအား တည်ဆောက်လျက်ရှိသည့်  သိန်းသန်းချီဆောက်လုပ်ရေးကုမ္ပဏီမှ သိရသည်။

"အခုတည်ဆောက်နေတဲ့ လူနေအိမ်ခန်းတွေရော အဝေးပြေးကားနားရပ်ကွင်းရော ရာခိုင်နှုန်း ၉၀ ကျော် ပြီးစီးနေပါပြီ။ လူနေအိမ်ခန်းတွေကိုတော့ လာမည့် မတ်လအကုန်လောက်မှာ အခန်းဝယ်ထားတဲ့သူတွေ ကိုအပ်နှံနိုင်ဖို့ဆောင်ရွက်နေပါတယ်။ ဒီစီမံကိန်းဟာ သင်္ကြန်မတိုင်မီ အားလုံးပြီးစီးနိုင်ဖို့ ဆောင်ရွက်နေပါတယ်"ဟု သိန်းသန်းချီဆောက်လုပ်ရေးကုမ္ပဏီမှ အင်ဂျင်နီယာချုပ် ဦးတင်မောင်လှက ပြောကြားသည်။

အဆိုပါစီမံကိန်းအား မြေ ၁၃ဒသမ ၆၉ ဧက အကျယ်အ၀န်းပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ စီမံကိန်းအား လာမည့်သင်္ကြန်မတိုင်မီ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ဟိုတယ်မှအပ စုစုပေါင်း အဆောက်အအုံ ၄၁ လုံး၊ အခန်းပေါင်း ၂၀၂ ခန်းနှင့် အဝေးပြေးကားရပ်နားကွင်းကို စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း၊ အဝေးပြေးကားရပ်နားကွင်းကို မြေ ၁ ဒသမ ၇၅ ဧကပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ကာ ကားအစီးရေ ၃၅၀ နှင့် ၄၀၀ ကြား ရပ်နားနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ဒီစီမံကိန်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ဒေသဖွံ့ဖြိုးရေးစီမံကိန်းအရ ဆောင်ရွက်တာဖြစ်ပါတယ်။ အားလုံးပေါင်း ဆောက်လုပ်ရေးကုမ္ပဏီ ၁၂ ခုရှိပါတယ်။ ဒါပေမဲ့ သူတို့က sub-contractor အနေနဲ့ တည်ဆောက်နေကြတာပါ။ တကယ်တည်ဆောက်နေတာကတော့ သိန်းသန်းချီဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က ဆောင်ရွက်တာပါ။ ဒီအထဲမှာ အိမ်ရာတွေရော ဟိုတယ်နဲ့အဝေးပြေးကားရပ်နားကွင်းကိုပါ တစ်ပြိုင်နက်တည်း တည်ဆောက်နေတာဖြစ်ပါတယ်"ဟု သိန်းသန်းချီဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မူဆယ်မြို့တွင် အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်ဒါခေါ်ယူခဲ့ရာ ဆောက်လုပ်ရေးကုမ္ပဏီ ခြောက်ခု၊ တင်ဒါတင်သွင်းခဲ့ကြပြီး ယင်းတို့အနက် သိန်းသန်းချီ ဆောက်လုပ်ရေးကုမ္ပဏီမှ လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

EMG