သီလဝါအထူးဇုန်ရှယ်ယာ အများပြည်သူဝယ်ယူနိုင်ရေး ဘဏ်များဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်

သီလဝါ အထူးစီးပွားရေးဇုန် ဖော်ဆောင်ရေးလုပ်ငန်းစီမံကိန်း၏ မြန်မာ နိုင်ငံသားပုဂ္ဂလိက ဝေစုရှယ်ယာများကို အများပြည်သူ ဝယ်ယူနိုင်ရေးအတွက် ဘဏ်များဖြင့် ချိတ်ဆက်ဆောင်ရွက်ရန် စီစဉ်နေပြီဖြစ်သည်ဟု မြန်မာသီလဝါအထူး စီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားသည်။

အဆိုပါအထူးစီးပွားရေးဇုန် အကောင် အထည်ဖော်ရေးစီမံကိန်းအား ဂျပန်နိုင်ငံမှ မာရူဘီနီ၊ မစ်ဆူဘီရှီနှင့် မစ်ဆူရီ စသည့် ကုမ္ပဏီ သုံးခုက လုပ်ငန်းဝေစု ၄၉ ရာခိုင် နှုန်း၊ မြန်မာနိုင်ငံဘက်မှရရှိမည့် လုပ်ငန်း ဝေစု ၅၁ ရာခိုင်နှုန်းအနက် ၁ဝ ရာခိုင်နှုန်း အားအစိုးရကဏ္ဍနှင့် ကျန် ၄၁ ရာခိုင်နှုန်း အား ပုဂ္ဂလိကကဏ္ဍတို့က ရရှိလုပ်ကိုင်ကြ မည်ဖြစ်ရာ မြန်မာနိုင်ငံသား ပုဂ္ဂလိကဝေစု အား အစုရှယ်ယာတစ်စုလျှင် ကျပ် ၁ဝ,ဝဝဝ ဖြင့် ရောင်းချမည်ဖြစ်သည်။

ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) ၏ ဥက္ကဋ္ဌလည်းဖြစ်သူ အထက်ပါအများပိုင် ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ''ရှယ်ယာ တွေ စတင်ရောင်းချတဲ့အခါမှာ တစ်ပြည် လုံးကပါဝင်နိုင်အောင် ပြည့်ပြည့်စုံစုံဆောင် ရွက်ပေးနေတယ်။ ရန်ကုန်တို့ မန္တလေးတို့ နဲ့ အနီးအနားမှာရှိတဲ့သူတွေတင် အဆင် ပြေပြေ ဝယ်လို့ရအောင်မဟုတ်ဘဲနဲ့ နယ် မြို့တွေကပါ ဝယ်နိုင်အောင် ဘဏ်တွေနဲ့ ဆွေးနွေးနေတယ်။ ရှယ်ယာတွေကို ဘဏ် ခွဲတွေကနေတစ်ဆင့် ဝယ်လို့ရအောင် ဆောင်ရွက်နေတယ်။ ဘဏ်တွေကနေ တစ်ဆင့် တစ်နိုင်ငံလုံးက ငွေပိုငွေလျှံရှိပြီး ရင်းနှီးမြှုပ်နှံချင်တဲ့သူတိုင်း ပါဝင်အောင် လုပ်နေတယ်။ တစ်နိုင်ငံလုံးအနေနဲ့ ပါဝင် လာအောင်ဆောင်ရွက်တာပါ''ဟု ဇန်နဝါရီ ၂၂ရက်တွင် ကုန်သည်/ စက်မှုအသင်းချုပ် ပြုလုပ်သည့် UN Global Compact အစည်း အဝေးပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံဘက်မှရရှိမည့် ပုဂ္ဂလိက ရှယ်ယာ ၄၁ ရာခိုင်နှုန်းအား မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီအမည်ဖြင့် ပြည်တွင်း အများပိုင်ကုမ္ပဏီကိုးခုက ရယူလုပ်ကိုင် မည်ဖြစ်ရာ အစုရှယ်ယာများကို ဖေဖော် ဝါရီ၊ ဒုတိယရက်သတ္တပတ်ခန့်တွင် စတင်ရောင်းချသွားမည်ဖြစ်သည်။

ဦးဝင်းအောင်က ''အစုရှယ်ယာ ချိတ် ဆက်ရောင်းဖို့ဆောင်ရွက်တာက ဘဏ် တွေတော်တော်များများပါတယ်။ ဘဏ် လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် နေတဲ့ဘဏ်အားလုံးပါပါတယ်'' ဟု ဆက် လက်ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန်အကောင် အထည်ဖော်မည့် လုပ်ငန်းစီမံကိန်းအား ဂျပန်ကုမ္ပဏီသုံးခုထံ လက်ဝယ်အပ်ကာ ရင်းနှီးမြှုပ်နှံသူများက ယင်းတို့ထံမှတစ်ဆင့် မြေနေရာ ရယူဆောင်ရွက်စေခြင်းထက် မြန်မာအစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံသူ များနှင့် တိုက်ရိုက်ချိတ်ဆက်ပါက ပိုမို အကျိုးများနိုင်သည်ဟု စီးပွားရေးပညာရှင် ဦးလှမောင်က မကြာမီကမဇ္ဈိမနှင့်တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။

ယင်းက''တချို့ ဂျပန်ကုမ္ပဏီတွေက ပြောတာက သူတို့အနေနဲ့ အဲလိုဂျပန် ကုမ္ပဏီတွေဆီကနေ သူတို့စက်ရုံတွေ ဆောက်ဖို့မြေနေရာဝယ်ဖို့ ဒါမှမဟုတ်လဲ စက်ရုံတွေဆောက်လုပ်ဖို့ကို သိပ်သဘော မတွေ့ကြဘူးလို့ သူတို့နဲ့စကားပြောကြည့် တဲ့အနေအထားအရ သိရတယ်။ သူတို့က အစိုးရဆီကမြေကို တိုက်ရိုက်ဝယ်ပြီး စက် ရုံကို ကိုယ်ကြိုက်တဲ့လူနဲ့ ကိုယ့်စိတ်ကြိုက် ဆောက်တာမျိုးကို ပိုသဘောတွေ့ကြတယ်'' ဟု ပြောသည်။

သီလဝါ အထူးစီးပွားရေးဇုန်အား ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော်လျက်ရှိပြီဖြစ် ကာ ၂ဝ၁၅ ခုနှစ်တွင် အပြီးသတ်မည်ဟု ဇုန်အကောင်အထည်ဖော်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

Mizzima