အခန်းပေါင်း ၃၅၀၀၀ ပါရှိမည့် တန်ဖိုးနည်းအိမ်ရာများ ၂ နှစ်အတွင်းဆောက်မည်



အခြေခံလူတန်းစားများ ဝယ်ယူနိုင်သော ဈေးနှုန်းများဖြင့် ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း သုံးသောင်းငါးထောင်ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တို့တွင် အပြီးသတ် တည်ဆောက်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။ အဆိုပါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ စတင်နိုင်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားပြီး ယင်းဥပဒေကြမ်းကို အတည်ပြုပေးရန် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အဆိုပါဝန်ကြီးက တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းတန်ဖိုးနည်း အိမ်ရာအခန်းပေါင်း ၃၅၀၀၀ ကို အခြေခံလူတန်းစား များ အဓိကနေထိုင်ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် တည်ဆောက်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ဆိုသည်။ ယင်းတိုက်ခန်းများကို အခြေခံလူတန်းစားများပါ ဝယ်ယူနိုင်ရန် စီစဉ်ထားသော်လည်း မည်သည့်ဈေးနှုန်းဖြင့် ရောင်းချမည်ကို ထုတ်ပြန်ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရှိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်နေသော တန်ဖိုးမျှတအိမ်ရာစီမံကိန်း သုံးခုနှင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူ ဆောင်လုပ်သော တန်ဖိုးနည်းအိမ်ရာ စီမံကိန်း နှစ်ခုရှိကြောင်း အဆိုပါဌာနများထံမှ သိရှိရသည်။ ဝန်ထမ်းများနှင့် ဝင်ငွေနည်း လူတန်းစားများအတွက် ရည်ရွယ်သည်ဆိုသော အဆိုပါ အိမ်ရာစီမံကိန်းများ၏ သတ်မှတ်နှုန်းထားနှင့် အရစ်ကျပေးသွင်းရမည့် ငွေကြေးသတ်မှတ်ချက်မှာ ဝင်ငွေနည်း လူတန်းစားများနှင့် ဝန်ထမ်းများ ဝယ်ယူနိုင်သည့် အနေအထားမရှိသဖြင့် ငွေကြေးတတ်နိုင်သူများအတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။