တစ်ဖက်သတ် ဖိနှိပ်ချုပ်ချယ်တဲ့ စာချုပ်တွေကြောင့် အိမ်ငှားတွေ အခက်တွေ့လာ

အိမ်ငှားရမ်းဖို့ ရှားပါးလာတာကြောင့် အိမ်ရှင်ဘက်ကနေ အိမ်ငှားကို တစ်ဖက်သတ် ဖိနှိပ်ချုပ်ဆိုတဲ့ အိမ်ငှားစာချုပ်တွေ များလာတဲ့အတွက် အိမ်ငှားရမ်းနေထိုင်သူတွေမှာ အခက်အခဲ တွေ့လာရတယ် လို့ သိရပါတယ်။
“စာချုပ်ချုပ်မယ်ဆိုတာနဲ့ အိမ်ရှင်က သူ့စိတ်ကြိုက်ရိုက်ထားတဲ့ စာချုပ်ကို ထုတ်လာပြီး လက်မှတ်ထိုး ပိုက်ဆံချေခိုင်းတာ၊ ကိုယ်က ဘာလေးထပ်ထည့်ပေးပါဆိုတာတောင် စာချုပ်မှာတော့ ထပ်ဖြည့်လို့မရဘူး၊ အဆင်မပြေရင် တခြားအိမ်ရှာလိုက်ပါဆိုပြီး ပြောတာ၊ မကျေနပ်လည်း အိမ်ရှာလို့မရတော့ ကိုယ့်ကို ဖိထားမှန်း သိပေမယ့် ငှားလိုက်ရတာပဲ” လို့ အင်းစိန်မြို့နယ်မှာ အိမ်ငှားနေထိုင်တဲ့ အသက် ၄၀ ၀န်းကျင်ရှိ ဒေါ်စန်းအေး က ပြောပါတယ်။
တစ်ဖက်သတ် ဖိနှိပ်ချုပ်ဆိုတဲ့ အိမ်ငှားစာချုပ်တွေဟာ လူနေထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး အဆင် ပြေတဲ့ မြို့နယ်တွေမှာ အဖြစ်များပါတယ်။ အဲသည်လိုမြို့နယ်တွေမှာ ငှားရမ်းနေထိုင်လိုသူများတဲ့အတွက် အိမ်ရှင် တွေက မိမိတို့စိတ်ကြိုက် လိုက်နာနေထိုင်မယ့် အိမ်ငှားကို ရွေးချယ်ငှားရမ်းတဲ့သဘောမျိုးလို့ သိရပါတယ်။

လှိုင်မြို့နယ်မှာ အိမ်ပွဲစားလုပ်ကိုင်တဲ့ ဦးဇော်မြင့် က “အိမ်ရှင်တွေက အိမ်တစ်လုံးလုံး ပေးထားရတာဆို တော့ စာချုပ်ကို ထိထိရောက်ရောက် ချုပ်မှာပဲလေ၊ အိမ်ငှားက ကြိုက်ရင်ငှား၊ မကြိုက်ရင် မငှားနဲ့ ဒီသဘောပါပဲ” လို့ ပြောပါတယ်။
တချို့ စာချုပ်တွေကို အိမ်ရှင်တွေ တစ်ဖက်သတ်ချုပ်ဆိုလာရာကနေ အိမ်ငှားတွေအပေါ် စည်းကမ်းချက် ပေါင်းများစွာနဲ့ ဖိနှိပ်ချုပ်ကိုင်လာတာတွေလည်း ရှိပါတယ်။ စာချုပ်တွေမှာ များသောအားဖြင့် ရေမော်တာကိစ္စ၊ အခွန်အခကိစ္စ၊ အပျက်အစီး အပျောက်အရှကိစ္စ၊ နေထိုင်မယ့် လူဦးရေ ကန့်သတ်ချက်၊ အချိန်မရွေး အိမ်လခ အပြောင်းအလဲရှိမယ့်ကိစ္စတွေအပြင် အချို့ဆိုရင် စာချုပ်ပါ နေထိုင်ချိန်မပြည့်သေးဘဲ အိမ်ငှားသူရဲ့ သဘောဆန္ဒ အလျောက် ဆက်မနေရင် ငွေပြန်မအမ်းမယ့် အကြောင်းအရာတွေကအစ ထည့်သွင်းချုပ်ဆိုလာတာတွေရှိတယ် လို့ သိရပါတယ်။

“ကြိုက်တဲ့အချိန် အခန်းကန့်ပြီး လူတင်မယ် ဆိုတဲ့အချက်တောင် စာချုပ်ထဲ ထည့်ထားတယ်၊ ကိုယ်ငှားတဲ့ အိမ်က ပေ ၂၀ ကို ဒီဈေးနဲ့ တန်ရာတန်ကြေးပေးပြီး နေပေမယ့် သူတို့က အပြောင်းအလဲလုပ်မယ့်အကြောင်းကို ကြိုချည်နှောင်ထားတယ်၊ အရင်ကလည်း အိမ်ငှားဘ၀နဲ့ပဲ နေခဲ့ပေမယ့် ဒီလို ရှုပ်ရှုပ်ယှက်ယှက်စာချုပ်တွေတော့ မမြင်ဖူးပါဘူး” လို့ ရွှေပြည်သာမြို့နယ်မှ ၀န်ထမ်းတစ်ဦးဖြစ်တဲ့ ကိုထွန်းဦးက ပြောပါတယ်။
မြန်မာနိုင်ငံ ရှေ့နေအသင်းမှ ပြန်ကြားရေးတာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးသန်းဌေး က “ဥပဒေမှာ တော့ နှစ်ဖက်သဘောတူညီမှုက အရေးပါတယ်၊ အိမ်ရှင်ကတော့ တောင်းဆိုမှာပဲ၊ အိမ်ငှားက သဘောတူမှဖြစ်မှာ ကိုး၊ တစ်ဖက်က ဘယ်လောက်တောင်းတောင်း တစ်ဖက်က သဘောတူမှရမှာ၊ လက်မှတ်ထိုးလိုက်ပြီဆိုရင်တော့ စာချုပ်ကို လိုက်နာရမှာပေါ့” လို့ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဥပဒေအရ အိမ်ရှင်အိမ်ငှား သဘောတူညီမှုစာချုပ် ချုပ်ဆိုပြီးတဲ့အခါ စာချုပ်အတိုင်း လိုက်နာရမှာ ဖြစ်သလို စာချုပ်ကို သဘောမကျတဲ့အခါမှာလည်း စာချုပ်ချုပ်ဆိုဖို့အတွက် ငြင်းဆိုနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိ အိမ်ငှားဈေးကွက်ရဲ့ အခြေအနေအရ အိမ်ငှားသူတွေအနေနဲ့ တချို့နေရာတွေမှာဆိုရင် ရွေးချယ် ခွင့် မရှိတဲ့ အခြေအနေတွေမှာ ရှိနေတယ်လို့ သိရပါတယ်။
“အစိုးရက အမှန်တကယ် မရှိတဲ့သူတွေအတွက် အိမ်ရာတွေ ဖော်ဆောင်ပြီး အိမ်ငှားပေးတာ၊ အိမ်ပိုင်ဖြစ် အောင် လုပ်ပေးတာဆိုရင်တော့ ဒါမျိုးတွေ လျော့မယ်၊ အဲဒီကျရင် တကူးတက ဒါမျိုးတွေ ပပျောက်အောင်ဆိုပြီး လုပ်စရာမလိုဘူး၊ အလိုလိုလျော့လာလိမ့်မယ်၊ အစိုးရက စီစဉ်ထားတာ ရှိတယ်ဆိုပေမယ့် ရှိတဲ့အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့တော့ လိုတယ်” လို့ ဦးသန်းဌေး က ပြောပါတယ်။