ရန်ကုန်မြို့ရှိ မြို့နယ်အများစု၌ တိုက်ခန်းအငှားသွက်လျက်ရှိပြီး မြို့နယ်အချို့တွင် ယခင်နှစ်ထက် အိမ်ငှားခနှစ်ဆမြင့်တက်



ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်အတွင်း ကွန်ဒိုနှင့် တိုက်ခန်းများ အရောင်းအ၀ယ် ရှိသော်လည်း အရောင်းအ၀ယ်ထက် တိုက်ခန်းငှားရမ်းမှုများက အငှားသွက်လျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။

ထို့ပြင် မြို့နယ်စုံ၌ တိုက်ခန်းငှားရမ်းမှု သွက်လျက်ရှိသော်လည်း အချို့မြို့နယ်များတွင်မူ တိုက်ခန်းငှားရမ်းခ နှုန်းထားများမှာ ယခင်နှစ်များထက် နှစ်ဆကျော် မြင့်တက်လာကြောင်း သိရသည်။

“ကွန်ဒို၊ တိုက်ခန်းတွေက အရောင်းအ၀ယ်တော့ရှိတယ်။ တိုက်ခန်းအငှားနဲ့စာရင် အေးတယ်ပြောရမယ်။ တိုက်ခန်းအငှားက ပိုသွက်တယ်။ တိုက်ခန်းတွေမှာ မနှစ်က သုံးသိန်း၊ သုံးသိန်းခွဲဆိုရင် ဒီနှစ်မှာ ခုနစ်သိန်း၊ ခုနစ်သိန်းခွဲလောက် ဖြစ်လာတယ်။ အငှားဈေးတွေ အဲ့လောက်ဖြစ်နေလည်း ငှားမယ့်သူပဲရှိပြီး အခန်းလွတ်မရှိကြဘူး။ လွတ်မယ့်အခန်းကို လွယ်လင့်တကူ ရှာမရတာရယ်၊ ဈေးကလည်း ဒီမှာလည်းတက် ဟိုမှာလည်းတက်ဆိုတော့ ကိုယ့်အခန်းက ဈေးတက်လည်း ကိုယ့်အခန်းကိုယ်ပြန်ငှားရတာတွေလည်းရှိတယ်။ မရမ်းကုန်းနဲ့လှိုင်မှာဆို မရမ်းကုန်းက လှိုင်ထက်သက်သာတယ်။ လှိုင်မှာ အပေါ်ဆုံးထပ်တွေ တစ်သိန်း၊ တစ်သိန်းခွဲရှိတယ်။ မရမ်းကုန်းမှာ တစ်သိန်းလောက် ရှိနေတယ်ဆိုရင် လှိုင်ကလူက မရမ်းကုန်းကို မပြောင်းတော့ဘဲ လှိုင်မှာဈေးတက်လာတဲ့အတိုင်းပဲ ဆက်ငှားနေရတာတွေလည်းရှိတယ်” ဟု မြဧကရီ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ကိုအောင်ဇော်ထိုက်က ပြောကြားသည်။

“တိုက်ခန်းအငှားဈေးကွက်က နှစ်သိန်းလောက် အခန်းတွေဆိုရင် မရှိသလောက် နည်းသွားပြီ။ ခြောက်လွှာကိုတောင်မှ အခုလက်ရှိမှာ နှစ်သိန်းပေါက်နေတယ်။ ကြည့်မြင်တိုင်၊ ကမာရွတ်၊ မြို့ထဲ၊ ပြီးတော့ သင်္ဃန်းကျွန်းတို့ဘက်မှာ အငှားသွက်နေတယ်” ဟု ရွှေဥဒေါင်းမင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လုံးချင်းအငှားကတော့ ငါးသိန်းကနေ သိန်း ၁၀၀ အထိရှိတယ်။ ငှားတာကတော့ နိုင်ငံခြား ကုမ္ပဏီတွေက အငှားများတယ်” ဟုလည်း လုံးချင်းအငှားဈေးကွက်နှင့် ပတ်သက်ပြီး ရွှေဥဒေါင်းမင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

ရန်ကုန်မြို့အတွင်း ယခုနှစ်၏ အိမ်ငှားရမ်းခ နှုန်းထားများမှာ ယမန်နှစ်ထက် ၃၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ၂၀၁၃ ခုနှစ် အောက်တိုဘာလဆန်းပိုင်းမှ စတင်၍ အိမ်ငှားရန် ကြည့်ရှုသူများလာပြီး ဈေးနှုန်းစုံစမ်းသူများလည်းရှိကြောင်း၊ အိမ်ငှားခနှုန်းထားများမှာ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရသည်။

အလားတူ အိမ်ခြံမြေ အရောင်းဈေးကွက်တွင်မူ သိန်းသောင်းဂဏန်း ၀န်းကျင်ရှိသော အိမ်ခြံမြေများမှာ အရောင်းအ၀ယ် အေးလျက်ရှိပြီး သိန်းထောင်ဂဏန်းနှင့် ရာဂဏန်းရှိသော အိမ်ခြံမြေများသာလျှင် ယခုလက်ရှိတွင် အရောင်းအ၀ယ်ဖြစ်လျက် ရှိကြောင်းလည်း သိရသည်။ တိုက်ခန်းအရောင်းအ၀ယ် ပြုလုပ်ရာတွင်လည်း ဈေးနှုန်းများမှာ မြင့်တက်လာလျက်ရှိနေပြီး ကျပ်သိန်း ၃၀၀ ၀န်းကျင်ရှိဈေးနှုန်းမှာ အနိမ့်ဆုံးဈေးကဲ့သို့ ဖြစ်နေကာ အထူးသဖြင့် မြို့တွင်းခြောက်မြို့နယ်များတွင် အဆိုပါဈေးနှုန်းများ ပေါက်လျက်ရှိကြောင်း သိရသည်။

ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ လမ်းမတော် စသည့်မြို့နယ်များတွင် အိမ်ငှားရမ်းမှု များပြားကြောင်း၊ အိမ်ငှားခဈေးနှုန်းများမှာ အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်သိန်း ၂၀ အထိရှိကြောင်း၊ ယမန်နှစ်ကမူ အနည်းဆုံး ကျပ်ခုနစ်သောင်းမှ အများဆုံး ကျပ် ၁၅ သိန်းအထိရှိကြောင်း သိရသည်။

EMG