ဒေါ်လာသန်း ၂၂၀ တန် ဟိုတယ်စီမံကိန်း ကိုရီးယားကုမ္ပဏီလေးခု ရန်ကုန်တွင် အကောင်အထည်ဖော်မည်
ကိုရီးယားအခြေစိုက် နာမည်ကျော် စီးပွားရေးလုပ်ငန်းကြီး တစ်ခုဖြစ်သော Daewoo International အပါအဝင် ကုမ္ပဏီလေးခု ပူးပေါင်း၍ ရန်ကုန်မြို့တော် အထင်ကရနေရာ အင်းလျားကန် အနီးတွင် အမေရိကန်ဒေါ်လာ သန်း ၂၂၀ ရင်းနှီး မြှုပ်နှံ၍ ဟိုတယ်နှင့် မိုးမျှော် အဆောက်အအုံ စီမံကိန်းတစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း ကိုရီးယား မီဒီယာများတွင် ဖော်ပြသည်။
POSCO Trading ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သော Daewoo International က အခြား ကိုရီးယားကုမ္ပဏီ သုံးခုနှင့် ပူးပေါင်း၍ အဆင့်မြင့် မိုးမျှော် အဆောက်အအုံ နှစ်လုံး တည်ဆောက်မည် ဖြစ်ပြီး ၁၄ ထပ် အဆောက်အအုံကို ဇိမ်ခံဟိုတယ် တစ်လုံး အဖြစ် ဖန်တီးမည် ဖြစ်ကြောင်း၊ ကျန် ၂၉ ထပ် အဆောက်အအုံကို ရုံးခန်းများ၊ လူနေအခန်းများ အဖြစ် ဖွဲ့စည်းတည်ဆောက်မည် ဖြစ်ပြီး အဆိုပါ အဆောက်အအုံသည် ၂၁၈၃ စတုရန်းမီတာ အကျယ်အဝန်း ရှိမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ အရာရှိတစ်ဦးက ဆိုသည်။
"အဆောက်အအုံ နှစ်ခုလုံးကို ၂၀၁၆ မှာ ဖွင့်နိုင်ဖို့ မျှော်မှန်းထား ပါတယ်" ဟု အဆိုပါ အရာရှိက ဆိုသည်။
Daewoo International နှင့် ပူးပေါင်းဆောင်ရွက်မည့် အခြားမိတ်ဖက် ကုမ္ပဏီများမှာ POSCO Engineering & Construction၊ Lotte Hotel နှင့် KDB Daewoo Securities တို့ဖြစ်ကြပြီး POSCO အုပ်စုဝင် ကုမ္ပဏီများ ဖြစ်ကြသည်။
အဆိုပါ စီမံကိန်းကို KDB Daewoo Securities က ရှယ်ယာ ၃၉ ရာခိုင်နှုန်းဖြင့် အများဆုံး ပိုင်ဆိုင်မည် ဖြစ်ပြီး Daewoo International က ၃၀ ရာခိုင်နှုန်း၊ POSCO E & C က ၂၁ ရာခိုင်နှုန်းနှင့် Lotte Hotel က ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်ကြမည် ဖြစ်သည်။
Voice
စက်မှုဇုံဈေးကွက်
အိမ်၊ ခြံ၊ မြေ ဂျာနယ်
စက်မှုဇုန် ရောင်းဝယ် ငှားရမ်းခြင်းနဲ့ ပတ်သက်ပြီး ဈေးကွက် အခြေအနေတစ်ခုကို တင်ပြချင်ပါတယ်။ ဈေးကွက်ထဲမှာတော့
အရောင်းနှင့် အငှားမှာ အငှားက ပိုပြီး အလုပ်ဖြစ်ကြပါတယ်။
အရောင်းကို (2)ဧက၊(3)ဧက နှင့်အထက် အလုပ်ဖြစ်ကြတာ နည်းပါတယ်။
တကယ်ဝယ်မယ့်သူတွေတွေလည်းရှိပါတယ်။ သို့ပေမယ့် ခေါ်ဈေးအများစုဟာ ရောင်းဈေး၊ ပေါက်ဈေး တွေနဲ့ ကွာခြားတာတွေ တွေ့ရပါတယ်။ ဥပမာ - အရှေ့ဒဂုံမှာ (1)ဧကကို သိန်း(2500)၀န်းကျင်ပေါက်ပေမယ့် ခေါ်ဈေးက (1)ဧက သိန်း (3500)ကို တွေ့ရသလို (2)ဧကကို သိန်း (10000) ခေါ်ထားကြတာလည်း တွေ့ရပါတယ်။
ပေါက်ဈေးနဲ့ ကွာခြားနေတဲ့ အကွက်များကို အ၀ယ်များအား
ပြောပြရန် ခက်ခဲသလို၊ ပြောပြခဲ့ရင်လည်း လိုက်ကြည့်ဖို့တောင် စိတ်မ၀င်စားကြပါ။
ထိုအကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီး မြေကွက် ပိုင်ရှင်များအနေနဲ့ ခေါ်ဈေးများအား ရောင်းဈေးနဲ့ နီးနီးစပ်စပ် ခေါ်ပေးပါရန်နှင့် ပေါက်ဈေး ၀န်းကျင်သာ ခေါ်ပေးစေချင်ပါတယ်။ ဒါမှပဲ မိမိမြေကွက်က အခြား မြေကွက်များနည်းတူ အရောင်းအ၀ယ်ဖြစ်ခြင်း မြန်ဆန်စေမှာပါ။
မနွယ်နီဝင်း
နှစ်ပေါင်းရာချီ တည်တံ့နိုင်ခဲ့သော ကမ္ဘာ့မြို့တော် ၁၀၀ တွင် မန္တလေးပါဝင်
အိမ်၊ ခြံ၊ မြေ ဂျာနယ်
Rockefeller Foundation က ရွေးချယ်လိုက်သော နှစ်ပေါင်းရာနှင့်ချီ တည်တံ့နိုင်ခဲ့သည့် ကမ္ဘာ့နိုင်ငံများ၏ မြို့တော် ၁၀၀ အနက် ပထမတန်းစား ၃၃ မြို့ စာရင်းတွင် မန္တလေးမြို့တော်ကို ထည့်သွင်း ရွေးချယ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ ရွေးချယ်မှုကို အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်နှင့် ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်အချို့ ပါဝင်သည့် Rockefeller Foundation ဘုတ်အဖွဲ့က ဒီဇင်ဘာလ ၃ ရက်နေ့က အတည်ပြု ရွေးချယ်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူထံမှ သိရသည်။ “မန္တလေးမြို့တော်ကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ မပျောက်ပျက်စေဘဲ စိမ်းလန်းတဲ့မြို့တော်အဖြစ် ဆောင်ရွက်သွားမယ့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး နှစ် ၃၀ စီမံကိန်းမှာပါတဲ့ စိမ်းလန်းစိုပြည်ရေးနဲ့ မြေစီမံခန့်ခွဲမှု အခြေအနေတွေကို Rockefeller Foundation ကို အသိပေးပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။ Rockefeller Foundation သည် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်းကာ မန္တလေးမြို့တော်တွင် တီထွင်ဆန်းသစ်မှု ငွေကြေးပိုင်းဆိုင်ရာများ၊ တီထွင်ဆန်းသစ်မှု နည်းပညာကဏ္ဍများ၊ မြို့ပြဖွဲ့စည်းတည်ဆောက်ပုံ တီထွင်ဆန်းသစ်မှု ကဏ္ဍနှင့် မြေနေရာအသုံးချမှု ကဏ္ဍများအတွက် အမေရိကန် ဗိသုကာပညာရှင်များဆိုင်ရာ အဖွဲ့အစည်း၊ လူသားချင်းစာနာ ထောက်ထားမှုများအတွက် ဗိသုကာပညာနှင့် ကမ္ဘာ့ဘဏ် စသည့် မိတ်ဖက် အဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် အမေရိကန်ဒေါ်လာ တစ်သန်း အသုံးပြုကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “ဖွံ့ဖြိုးဆဲနိုင်ငံက အဲဒီလိုကွန်ရက်ရဲ့ မြို့တော်တွေထဲမှာ ပါသွားတယ် ဆိုတော့ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေး လုပ်ငန်းတွေလုပ်တဲ့ နေရာမှာလည်း နည်းမှန်လမ်းမှန် ဖြစ်သွားမယ်။ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းတယ်ဆိုတာ ကုန်ကျစရိတ် အလွန်များတဲ့အတွက် ဒီလို အဖွဲ့အစည်းတွေကနေ အကူအညီတွေရတော့ ကောင်းတာပေါ့” ဟု မန္တလေးမြို့တော်ရှိ ဗိသုကာပညာရှင် ဦးဇင်မင်းဆွေက ဆိုသည်။ Rockefeller Foundation ကို ၁၉၁၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်တွင် အခြေစိုက်ရုံး ဖွင့်လှစ်ထားသည်။ အဆိုပါ ဖောင်ဒေးရှင်းက ရွေးချယ်သည့် ၃၃ မြို့ စာရင်းတွင် အရှေ့တောင်အာရှ နိုင်ငံများမှ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံတို့ရှိ မြို့များလည်း ပါဝင်ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။
ဗိုလ်တထောင် စေတီတော်မှစ၍ ရန်ကုန်မြစ်ကမ်းတစ်လျှောက် မြို့ပြစီမံကိန်းများ ဆောင်ရွက်မည်ဆိုပါက အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် ၂၅ ပေ ချန်ထားပေးရန် အဆိုပြုထား
ဗိုလ်တထောင် စေတီတော်မှ စတင်၍ ရန်ကုန်ဆိပ်ကမ်းနယ်မြေ ကမ်းပါးတစ်လျှောက် အဆောက်အအုံ ဆောက်လုပ်ခြင်းစသည့် မြို့ပြစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် ၂၅ ပေ ချန်ထားပြီးမှ ဆောင်ရွက်ပေးရန် အဆိုပြုထားကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး မြို့ပြစီမံကိန်းပညာရှင် ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။
ဒီဇင်ဘာ ၃ ရက်က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သည့်"ရန်ကုန်မြို့၏ မြို့နယ်အလိုက် အဆိုပြုမြေ အသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်မှုဇုန်များ အများပြည်သူ ဆွေးနွေးပွဲ"တွင် ဒေါ်လှိုင်မော်ဦးက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်တထောင် စေတီတော်အနီး ပတ်ဝန်းကျင်အား စိမ်းလန်းမြေဧရိယာအဖြစ် သတ်မှတ်၍ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခြင်းအား ကန့်သတ်ပေးရန်၊ ယင်းနှင့် ဆက်စပ်၍ ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းကိုလည်း စိမ်းလန်းမြေဧရိယာအဖြစ် အများပြည်သူ အပန်းဖြေနိုင်သည့် နေရာများချန်လှပ်ထားပေးရန်၊ ယင်းနေရာများတွင် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများကို ပုဂ္ဂလိကသော် လည်းကောင်း၊ အစိုးရသော် လည်းကောင်း ဆောင်ရွက်မည်ဆိုပါက အများပြည်သူ လမ်းလျှောက်အနားယူနိုင်သည့် နေရာများ ချန်ပေးထားရန် အဆိုပြုထားခြင်း ဖြစ်သည်။
ယင်းသို့ အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် ၂၅ ပေချန်ထားရန် အဆိုပြုထားမှုနှင့် ပတ်သက်၍ ၂၅ ပေထက် ပိုမိုချန်ပေးနိုင်မလားဟူ၍ ယင်းဆွေးနွေးပွဲတွင် ကြည့်မြင်တိုင်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မာက ဆွေးနွေးခဲ့ရာ အခြားနိုင်ငံများတွင် ပေ ၃၀၊ ပေ ၅၀ စသည်ဖြင့် ချန်ထား၍ အများပြည်သူ အပန်းဖြေနေရာများ လုပ်ပေးထားကြောင်း ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။
"ကျွန်မတို့ဘက်ကလည်း ဒီလိုသတ်မှတ်မှုမှာ စီးပွားရေးလုပ်ငန်းရှင်၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့ဘက်ကိုလည်း ကြည့်ရပါတယ်။ ပိုလုပ်လို့ရရင်တော့ လုပ်ချင်ပါတယ်။ ဒီလိုသတ်မှတ်နိုင်ဖို့ အတွက်ကိုလည်း တစ်နှစ်လောက် ကြိုးပမ်းလုပ်ဆောင်ခဲ့တာကို ဒီဆွေးနွေးပွဲမှာ ချပြဆွေးနွေးတာ ဖြစ်ပါတယ်"ဟု ဒေါ်လှိုင်မော်ဦးက ဆက်လက် ပြောကြားသည်။
ထို့ပြင် ရန်ကုန်မြို့ရှိ စိမ်းလန်းမြေဧရိယာများဖြစ်သော ကန်တော်ကြီး၊ အင်းလျားကန်၊ မဟာဗန္ဓုလပန်းခြံ စသည့်နေရာ ပတ်ဝန်းကျင်များတွင်လည်း ဆောက်လုပ်ရေး လုပ်ငန်းများ အများအပြား ၀င်ရောက်လာခြင်း မရှိစေရန်အတွက် ထိန်းသိမ်းကန့်သတ်မှုများ ပြုလုပ်သွားရန် လိုအပ်နေကြောင်း ဆွေးနွေးခဲ့သည်။
ရန်ကုန် မြို့နယ်အလိုက် မြို့မြေအသုံးချမှု ဇုန် ၁၁ ခု ခွဲခြားသတ်မှတ်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က ရန်ကုန်မြို့၏ မြို့နယ်အလိုက် မြို့မြေအသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်မှုများအား ဇုန်အလိုက် လမ်းညွှန်ထိန်းသိမ်းနိုင်ရန် ဇုန် ၁၁ နေရာ အမျိုးအစား ခွဲခြားပြီး စနစ်တကျ သတ်မှတ်လိုက်ကြောင်း သိရသည်။
မြို့ပြဆောင်တာများ ဟန်ချက်ညီညီ လည်ပတ်နိုင်ရန်၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို ရေရှည် ထိန်းသိမ်းနိုင်ရန်နှင့် မြို့နေပြည်သူလူထု အန္တရာယ်ကင်းစွာ နေထိုင်နိုင်စေရေးအတွက် ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့တော် စည်ပင် အစည်းအဝေးခန်းမတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ မြို့ပြစီမံကိန်း ရေးဆွဲရေးပညာရှင်၊ ညွှန်ကြားရေးမှူး၊ အင်ဂျင်နီယာမှူးကြီး (ဗိသုကာ) ဒေါ်လှိုင်မော်ဦးက မီဒီယာများသို့ ပြောသည်။
“ကျမတို့ မြို့ပြစီမံကိန်း ရေးဆွဲရာမှာ မြို့ရဲ့ ပကတိ အခြေအနေတွေကို စနစ်တကျ လေ့လာသုံးသပ်ပြီးတော့ မြို့ပြပြောင်းလဲ ဖြစ်တည်မှုတွေကို ကန့်သတ်သင့်တဲ့နေရာမှာ ကန့်သတ်ရပါမယ်။ ဆက်လက် ခွင့်ပြုသင့်တဲ့ နေရာမှာ ဆက်လက် ခွင့်ပြုရပါတယ်။ အရင်က ကျမတို့ မှားယွင်းစွာ ခွင့်ပြုခဲ့မိတဲ့ ဆူးလေဘုရားနားကCenter Pointကြီးလိုမျိုး နောက်ထပ်တကြိမ် အမှားမခံတော့ဘူး” ဟု ဒေါ်လှိုင်မော်ဦးက ပြောသည်။
ခွဲခြားသတ်မှတ်လိုက်သော ဇုန် ၁၁ ဇုန်မှာ ဆိပ်ငြိမ်ရပ်ကွက် သို့မဟုတ် လူနေသိပ်သည်းမှု နည်းသည့် လူနေ ရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှု အသင့်အတင့်ရှိသည့် လူနေရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှု များသည့် လူနေရပ်ကွက်ဇုန်၊ မြို့မြေအသုံးချမှု ရောနှောပါဝင်နိုင်သည့်ဇုန်၊ ကုန်သွယ်မှုနှင့် စီးပွားရေးဇုန်၊ စက်မှုနှင့် ကုန်လှောင်ရုံများဇုန်၊ ဆိပ်ကမ်းနှင့် ဆိပ်ကမ်းစပ်ဆက် ၀န်ဆောင်မှုများဇုန်၊ စိမ်းလန်းမြေနှင့် ရေပြင်များဇုန်၊ အစိုးရ၊ အဖွဲ့အစည်းနှင့် အခြေခံ အဆောက်အအုံများဇုန်၊ မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးဇုန်နှင့် ကမ်းနားဖွံဖြိုးရေး အထူးဇုန်တို့ ဖြစ်ကြောင်း သိရသည်။
“မြို့ပြစီမံကိန်း ရေးဆွဲရာမှာ မေ့လို့မဖြစ်တဲ့ အကြောင်းအရာတခုကတော့ ဇုန်သတ်မှတ်ခြင်းပဲ ဖြစ်ပါတယ်။ ဇုန်နဲ့ပတ်သက်ပြီးတော့ Vision ရှိရမယ်။ မဟာဗျူဟာကျကျ စဉ်းစားတတ်တဲ့ တွေးခေါ်မှုမျိုးလည်း ရှိရမယ်။ယဉ်ကျေးမှု အမွေအနှစ်ကိုလည်း ထည့်ပြီး စဉ်းစားရမယ်” ဟု ယင်းအခမ်းအနားသို့ တက်ရောက်လာသော သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေး၊ မြန်မာနိုင်ငံရင်းနှံမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။
ယခုနှစ် စက်တင်ဘာလအတွင်းက ရန်ကုန်မြို့တော် စီမံကိန်းရေးဆွဲရေး ကော်မတီအား ဖွဲ့စည်းခဲ့ပြီး ရွှေတိဂုံ စေတီတော် မြင်ကွင်း မကွယ်အောင် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်ဧရိယာများအား ရန်ကုန်မြို့တော် စည်ပင်က သတ်မှတ်ခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်က ကန်တော်ကြီးနှင့် တိရိစ္ဆာန်ဥယျာဉ် ပတ်ဝန်းကျင် ဒေသများကိုလည်း အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်ဧရိယာထဲသို့ ထည့်သွင်း သတ်မှတ်လိုက်ပြီး စိမ်းလန်းစိုပြေရေး ဧရိယာများအဖြစ် အင်လျားကန်၊ လှော်ကားဥယျာဉ် တို့ကို သတ်မှတ်လိုက်ကာ ယင်းကန့်သတ် ဧရိယာအတွင်း အမြင့်ပေ ၆၂ ပေထက် မပိုသည့် ထပ်မြင့် အဆောက်အဦးများသာ ဆောက်လုပ်ခွင့် ပြုကြောင်း နိုဝင်ဘာလ ၄ ရက်နေ့က အစိုးရပိုင် သတင်းစာများတွင် တရားဝင် ကြေညာခဲ့သည်။
“ဒီဘက်ခေတ်မှာက မြေဈေးတွေ မြင့်လာတယ်။ စီးပွားရေးအရ ဖွံ့ဖြိုး တိုးတက်လာတဲ့အတွက် လုပ်ငန်းရှင်တွေက အထပ်မြင့်တွေ များများ ဆောက်ချင်လာကြတယ်။ ရန်ကုန်မြို့မှာ အထပ်မြင့်ကြီးတွေ ဆောက်ရင် ပြည်သူလူထု အခက်တွေ့နိုင်တယ်။ အဓိကအချက် ၂ ချက်က ယဉ်ကျေးမှု အမွေအနှစ်တွေ ပျောက်ပျက်သွားနိုင်ပြီးတော့ လမ်းတွေပိတ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ပိုဖြစ်လာနိုင်တယ်” ဟု ရန်ကုန်မြို့တော် စည်ပင်မှ အကြံပေး ဒေါက်တာ ကျော်လတ်က ပြောသည်။
ယင်းကဲ့သို့ အထပ်မြင့်အဆောက်အဦများ ရန်ကုန်မြို့တွင်း စီးပွားရေးဇုန်အတွင်း သိပ်သည်းစွာ ဆောက်လုပ်ခွင့် ပြုလိုက်ပါက ကားရပ်နားရန် ဧရိယာများ နည်းပါးသွားနိုင်ပြီး ကားရပ်နားရန် ဧရိယာနည်းပါးခြင်းကြောင့် ရေကြီးမှုများ၊ ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားနိုင်ပြီး၊ ရေရှည်တွင် မြို့နေ ပြည်သူလူထု၏ နေထိုင်မှုဘ၀ပုံစံ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ကြောင်း သိရသည်။
ယင်းအပြင် အရေးပေါ်အခြေအနေ သဘာဝဘေးအန္တရာယ် တစုံတခု ကြုံတွေ့လာပါကလည်း အရေးပေါ်ထွက်ပေါက်၊ ပြေးပေါက်များ ထားရှိရန် ခက်ခဲနိုင်သည်ဟု ဒေါက်တာ ကျော်လတ်က ထည့်သွင်းပြောကြားသည်။
ရန်ကုန်မြို့တွင်း ဧရိယာတွင် အဆောက်အအုံအသစ် ဆောက်လုပ်မည်ဆိုပါက အမြင့်ပေ ၁၆၀ အထိသာ ခွင့်ပြုထားကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြောကျပ်တည်းမှု ဆက်လက်ဖြစ်ပေါ် နေပါက ခုံးကျော်တံတားများ တည်ဆောက်ရန် အစိုးရအဖွဲ့က လျာထားပြီး ဂျပန်နိုင်ငံနှင့် ဆွေးနွေး
ရန်ကုန်တိုင်းအတွင်း ယာဉ်ကြောကျပ်တည်းမှု ဆက်လက်ဖြစ်ပေါ် နေပါက ခုံးကျော်တံတားများ တည်ဆောက်ရန် အစိုးရ အဖွဲ့က လျာထားပြီး ဂျပန်နိုင်ငံနှင့် ဆွေးနွေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ဒီဇင်ဘာ ၂ ရက်တွင် Daily Eleven သို့ ပြောကြားသည်။
လက်ရှိအချိန်တွင် လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင် ခုံးကျော်တံတားများမှာ သတ်မှတ်ချိန်အတွင်း ပြီးစီးခဲ့ပြီး ဖြစ်သည့်အတွက် ယာဉ်ကြောကျပ်တည်းမှုကို အတန်အသင့် လျှော့ချနိုင်ရန် အစိုးရအဖွဲ့မှ မျှော်မှန်းထားကြောင်း သိရသည်။
သို့သော် ရန်ကုန်တိုင်းရှိ မြို့နယ်များအတွင်း ယာဉ်ကြောကျပ်တည်းမှုမှာ လျော့ကျသွားခြင်း မရှိသည့်အပြင် ခုံးကျော်တံတား တည်ဆောက်ပြီးစီးခဲ့သည့် နေရာများဖြစ်သော လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင် နယ်မြေတစ်ဝိုက်တွင် ယာဉ်ကြောပိတ်မှုမှာ ဆက်လက်ဖြစ်ပေါ်ဆဲဖြစ်ကြောင်း ရန်ကုန်မြို့အတွင်း နေထိုင်သူများထံမှ သိရသည်။
အောက်တိုဘာလ အတွင်းက ရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး၏ ရန်ကုန်ဘူတာကြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားချက်တွင်လည်း ခုံးကျော်တံတားများ တည်ဆောက်မှုမှာ ယာဉ်ကြောပိတ်ဆို့မှုကို အလုံးစုံ လျော့ကျနိုင်ခြင်း ဖြစ်ပေါ်လာဖွယ် မရှိကြောင်း သိရသည်။
"ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ ခုံးကျော်တံတားတွေ အားလုံးအသုံးပြုလို့ ရပြီ။ ဒါပေမဲ့ ယာဉ်ကြောကျပ်တည်းမှုတွေ ဆက်လက်ဖြစ်ပေါ် နေမယ်ဆိုရင် နောက်ဆက်တွဲတွေ စဉ်စားထားတယ်။ ဘာတွေလဲဆိုတော့ ခုံးကျော်တံတားတွေ ဆက်ပြီးဆောက် လုပ်နိုင်ဖို့အတွက် ဖြစ်တယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။
ယာဉ်ကြောကျပ်တည်းမှု လျော့ကျခြင်း မရှိပါက ထပ်မံတည်ဆောက်မည့် ခုံးကျော်တံတားများအတွက် ဂျပန်နိုင်ငံနှင့် အဓိကထား ဆွေးနွေးနေကြောင်း ၀န်ကြီးဦးအောင်ခင်က ဆက်လက်ပြောကြားသည်။
မည်သည့်နေရာတွင် ဦးစားပေး တည်ဆောက်ရန်နှင့် ဘတ်ဂျက်မည်မျှ လျာထားသည်ကိုမူ လက်ရှိအချိန်တွင် လေ့လာသုံးသပ်မှုများ ပြုလုပ်နေဆဲ အဆင့်တွင် ရှိနေကြောင်း သိရသည်။
ယခင်က ခုံးကျော်တံတားများ ဆောက်လုပ်ရန် အသိပေးခဲ့စဉ်က မြေနီကုန်း လမ်းဆုံနှင့် တာမွေခုံးကျော် တံတားများလည်း ပါဝင်ခဲ့သော်လည်း တည်ဆောက်ရာတွင် ကုန်ကျမည့် ဘတ်ဂျက်အခြေအနေများကြောင့် လက်လျှော့ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတည်ဆောက် ပြီးစီးခဲ့သော ခုံးကျော်တံတားများ အတွက်မူ စုစုပေါင်းငွေ ၄၉ ဒသမ ၃၀၆ ဘီလျံ သုံးစွဲခဲ့ပြီး လှည်းတန်းခုံးကျော် တံတားအတွက် ၁၄ ဒသမ ၄၈၇ ဘီလျံ၊ ရွှေဂုံတိုင် ခုံးကျော်တံတားအတွက် ၁၃ ဒသမ ၃၈၀ ဘီလျံနှင့် ဘုရင့်နောင် ခုံးကျော်တံတား နှစ်စင်း (ဘုရင့်နောင်လမ်းနှင့် သမိုင်းဘူတာရုံ လမ်းပေါ်တို့တွင် တစ်စင်းစီ ထိုးမည်ဖြစ်ပါသည်) အတွက် ၂၁ ဒသမ ၇၄၇ ဘီလျံတို့ကို သုံးစွဲခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန်ထားသည်။
အန္တရာယ်ရှိ အဆောက်အအုံများ အသစ်ပြန်ဆောက်ရာတွင် ကားပါကင် ကင်းလွတ်ခွင့် ပေးထား၍ အန္တရာယ်ရှိ အဆောက်အအုံ မဖြစ်ဖြစ်အောင် လုပ်ဆောင်နေဟု ထောက်ပြ
အိမ်၊ ခြံ၊ မြေ ဂျာနယ်
အန္တရာယ်ရှိ အဆောက်အအုံများကို အသစ်ပြန်လည် ဆောက်လုပ်ခြင်းအတွက် ကားပါကင် ထည့်သွင်းရန် ကင်းလွတ်ခွင့် ပေးထားသောကြောင့် အန္တရာယ်ရှိ အဆောက်အအုံ မဖြစ်ဖြစ်အောင် လုပ်ဆောင်ကာ ပြန်လည်လျှောက်ထား လာကြကြောင်း ဒီဇင်ဘာ ၃ ရက်က ရန်ကုန်မြို့တော် ခန်းမတွင် ပြုလုပ်သည့် "ရန်ကုန်မြို့၏ မြို့နယ်အလိုက် အဆိုပြုမြေ အသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်မှုဇုန်များ အများပြည်သူ ဆွေးနွေးပွဲ" တွင် မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး မြို့ပြစီမံကိန်း ပညာရှင် ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တွင် အန္တရာယ်ရှိ အဆောက်အအုံများ ရှိနေပြီး အမှန်တကယ် အန္တရာယ်ရှိသည့် အခြေအနေ ရှိသကဲ့သို့ အန္တရာယ်မရှိသည်များလည်း ရှိကြောင်း၊ အန္တရာယ်ရှိ အဆောက်အအုံများကို ရှစ်ထပ်အထိ ဆောက်လုပ်ခွင့်ပေးပြီး အခြားသော အထပ်မြင့် အဆောက်အအုံများတွင် ထည့်သွင်းရသည့် ကားပါကင်အား အန္တရာယ်ရှိ အဆောက်အအုံအား ပြန်လည်ဆောက်လုပ်ရာတွင် ကင်းလွတ်ခွင့် ပေးထားသောကြောင်း ယင်းကိုအခွင့်ကောင်းယူကာ အန္တရာယ်ရှိ အဆောက်အအုံ မဖြစ်ဖြစ်အောင် ပြုလုပ်ကြခြင်းဖြစ်ကြောင်း ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။
အန္တရာယ်ရှိ အဆောက်အအုံအဖြစ် မြို့တော်စည်ပင်မှ သတ်မှတ်ခံရစေရန် လာဘ်ပေးလာဘ်ယူ ပြုလုပ်ပြီး ကြိုးပမ်းလာမည်ကို ပြည်သူများမှ စိုးရိမ် . . . . .
"အန္တရာယ် မရှိတာကို ရှိအောင်လုပ်နေကြတာ ဖြစ်ပါတယ်။ အန္တရာယ်ရှိဆိုရင် သူများနဲ့ မတူတဲ့ အခွင့်အရေးကို ရတဲ့အတွက်ကြောင့် အခုလိုမျိုး လုပ်နေကြတယ်" ဟု ဒေါ်လှိုင်မော်ဦးက ဆိုသည်။
ရန်ကုန်မြို့တွင် အန္တရာယ်ရှိ အဆောက်အအုံများကို ၁၉၉၄ ခုနှစ်မှ စတင်သတ်မှတ် ခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်မှ စတင်၍ ယခုအချိန်အထိ အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော အဆောက်အအုံ ၁၀၀၀ ကျော်ရှိပြီး ယင်းအထဲတွင် အသစ်ပြန်လည် ဆောက်လုပ်နိုင်ခြင်း မရှိသေးသည့် အဆောက်အအုံ ၁၀၀ ကျော် ရှိနေကြောင်း၊ ထိုသို့ မပြီးစီးသေး၍ ပြင်ပတွင် ငှားရမ်းနေထိုင်ရသည့် မူလနေထိုင်သူများမှာ အခက်အခဲများ တွေ့နေရကြောင်း သိရှိရသည်။
ရန်ကုန်မြို့တော်တွင် လေးထပ်နှင့်အထက် အဆောက်အအုံ ဆောက်လုပ်မည် ဆိုပါက ပါဝင်သည့် အခန်းအရေအတွက်အတိုင်း ကားပါကင်အတွက် နေရာထားရှိ ရမည်ဟု မြို့တော်စည်ပင်မှ သတ်မှတ်ထားသည်။ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခံခဲ့ရလျှင် ကားပါကင်အတွက် နေရာထည့်သွင်းရန် မလိုတော့သောကြောင့် ကန်ထရိုက်များ အနေဖြင့် အသစ်ပြန်လည် တည်ဆောက်လိုသည့် အဆောက်အအုံများကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် မြို့တော်စည်ပင်မှ သတ်မှတ်ခံရစေရန် လာဘ်ပေးလာဘ်ယူ ပြုလုပ်ပြီး ကြိုးပမ်းလာမည်ကို ပြည်သူများမှ စိုးရိမ်ပူပန်မှု ရှိနေသည်ဟု သိရသည်။
Subscribe to:
Posts (Atom)

