ဘဏ်နှင့် ချိတ်ဆက်၍ ဆိုင်ခန်းများ၊ တိုက်ခန်းများ ငှားဝယ်စနစ်နှင့် ဝယ်ယူနိုင်ရန် မန်းစည်ပင် စီစဉ်

မန္တလေးစည်ပင်သာယာရေး ကော်မတီက ရောင်းချမည့် ဈေးဆိုင်ခန်းများ၊ တိုက်ခန်းများ၊ တန်ဖိုးနည်း အိမ်ရာများကို ငွေလက်ငင်းစနစ်နှင့် ပေးချေဝယ်ရန် အခက်အခဲရှိသည့် သူများအတွက် ဘဏ်နှင့် ချိတ်ဆက်ပြီး (ငှား၊ ဝယ်စနစ်) ဝယ်နိုင်အောင် စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တကယ်အသုံးလိုသည့် သူများအတွက် တစ်ခါတည်း ငွေမလုံးအရင်းနှင့် မပေးချေနိုင်၍ မပိုင်ဆိုင်တာမျိုး မဖြစ်ရအောင် ယခုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။ စည်ပင်သာယာက ရောင်းချမည့် တိုက်ခန်း၊ ဆိုင်ခန်း၊ တန်ဖိုးနည်း အိမ်ရာများကို ဝယ်ယူချင်သူများအနေဖြင့် စည်ပင်သာယာနှင့် ချိတ်ဆက်ထားသည့် ဘဏ်တွင် ငွေစာရင်း အကောင့်ဖွင့်ထားပြီး သတ်မှတ်ထားသည့် တန်ဖိုးငွေကို အရစ်ကျပေးသွင်းရမည် ဖြစ်သည်။ ဘဏ်က ငွေတန်ဖိုး အကုန်လုံးကို စည်ပင်သာယာသို့ စိုက်ထုတ်ပေးထားမှာဖြစ်ပြီး ဝယ်ယူမည့်သူ အနေဖြင့် ဘဏ်ကို ငွေအကျေ ပေးသွင်းပြီးမှသာ ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ “ဝယ်ချင်တဲ့သူကလဲ ငွေတစ်ခါတည်း အလုံးအရင်းလိုက် ပေးစရာမလိုဘဲ ဝယ်နိုင်မယ်၊ စည်ပင်ကလဲ ဘဏ်က ငွေအလုံးအရင်း တစ်ခါတည်း ရတဲ့အတွက် မြို့ဖွံ့ဖြိုးရေးအတွက် ပိုလုပ်နိုင်မယ်၊ ဘဏ်အနေနဲ့ကလဲ အတိုးရမယ်၊ ဒီစနစ်က သုံးဦး သုံးဖလှယ် အဆင်ပြေမယ့် စနစ်ပါ” ဟု စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ “ဘယ်ဘဏ်နဲ့ ချိတ်ဆက်မယ်ဆိုတာ အခုမှ စီစဉ်နေတုန်းဆိုတော့ သေချာမပြောနိုင်သေးဘူး။ လောလောဆယ် အသစ်ဆောက်မယ့် ၄၁ လမ်း ကုန်စိမ်းဈေး ဆိုင်ခန်းတွေကို အဲဒီစနစ်နဲ့ စရောင်းပေးဖို့လဲ စီစဉ်ထားတယ်” ဟု ၄င်းက ဆက်လက် ပြောကြားခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate