ဝင်ငွေနည်းသူများအတွက် ရွှေလင်ပန်းအိမ်ရာ တိုက်ခန်းများ စတင်ရောင်းပြီ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ တိုက်ခန်းများ ဆောက်လုပ်ပြီးသွားပြီဖြစ်၍ ပြည်သူများ ဝယ်ယူနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး စာတိုက်မှတစ်ဆင့် လျှောက်ထားရန် သက်ဆိုင်ရာက နှိုးဆော်ချက် ထုတ်ပြန်ထားသည်။ အဆိုပါ စီမံကိန်းတွင် တစ်ခန်းလျှင် ၄၆၈ စတုရန်းပေစီရှိသော ခြောက်ခန်းတွဲ လေးထပ်တိုက် (Steel Structure) Hall Type ၁၈ လုံး၊ ခြောက်ခန်းတွဲ လေးထပ် (RCC Structure) Hall Type ခြောက်လုံး၊ စုစုပေါင်း ၂၄ လုံး၊ အခန်းပေါင်း ၅၇၆ ခန်းကို တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သည်။ ယင်းတိုက်ခန်းများကို အရစ်ကျ ငွေချေစနစ်ဖြင့် လည်းကောင်း၊ ဘဏ်ချေးငွေစနစ်ဖြင့် လည်းကောင်း ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။ တိုက်ခန်းတန်ဖိုးမှာ ခြောက်ခန်းတွဲ လေးထပ် (Steel Structure) တွင် မြေညီထပ် ငွေကျပ် သိန်း ၁၂၀၊ ပထမထပ် ၁၁၅ သိန်း၊ ဒုတိယထပ် ၁၁၃ သိန်းနှင့် တတိယထပ် သိန်း ၁၁၀ သတ်မှတ်ထားသည်။ ခြောက်ခန်းတွဲ လေးထပ် (RCC Structure) တွင် မြေညီထပ် ငွေကျပ် ၁၂၅ သိန်း၊ ပထမထပ် ၁၂၂ သိန်း၊ ဒုတိယထပ် ၁၁၉ သိန်းနှင့် တတိယထပ် ၁၁၆ သိန်း သတ်မှတ်ထားသည်။ တိုက်ခန်းဝယ်ယူရန် လျှောက်ထားသူများသည် ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး အသက် ၂၅ ထက် မငယ်သူဖြစ်ရမည် ဖြစ်ကြောင်း၊ လစဉ် မိသားစုဝင်ငွေ စုစုပေါင်း ငွေကျပ် ကျပ်သုံးသိန်း ရှိရမည်ဖြစ်ကြောင်း၊ ဝင်ငွေမှာလည်း ကျပ်ခုနှစ်သိန်းထက် မကျော်လွန်ရကြောင်း ဖော်ပြထားသည်။ အဆိုပါ တိုက်ခန်းများကို နိုင်ငံ့ဝန်ထမ်းများ၊ ဝင်ငွေနည်း မိသားစုများ၊ အငြိမ်းစားဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများကို ဦးစားပေး ရောင်းချသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကြေညာချက်တွင် ဖော်ပြထားချက်အရ သိရသည်ဟု ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။


အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate