ရန်ကုန်မြို့၌ အထပ် ၃၀ နှင့်အထက် အဆောက်အအုံ ၁၁ လုံးနှင့် အထပ် ၂၀ နှင့်အထက် ရှစ်လုံး ထပ်မံဆောက်ခွင့်ပြု


အရှေ့မြင်းပြိုင်ကွင်းလမ်းပေါ်ရှိ ၂၅ ထပ်အဆောက်အအုံ တစ်လုံး၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

ရန်ကုန်မြို့၌ အထပ် ၃ဝ နှင့် အထက် အဆောက်အအုံ ၁၁ လုံးနှင့် အထပ် ၂ဝ အထက် အဆောက်အအုံ ရှစ်လုံးထပ်မံ ဆောက်လုပ်ခွင့်ပြုခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေးကော်မတီမှ သိရသည်။

အဆိုပါ အဆောက်အအုံများကို ပြည်လမ်း၊ အလုံလမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် စက်မှု ၁ လမ်းထောင့်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ သံသုမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်၊ ကံဘဲ့လမ်းရှိ တပ်မတော်ငွေစာရင်းရုံး နေရာတို့တွင် ဆောက်လုပ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထပ် ၃ဝ နှင့်အထက် အဆောက်အအုံ ၁ဝ လုံးမှာ အမှတ်(၃) ကံဘဲ့လမ်း တပ်မတော် ငွေစာရင်းရုံးနေရာတွင်  ၃၄ ထပ် ခုနစ်လုံး၊ ၃၁ ထပ်နှစ်လုံး၊ ၃ဝ ထပ်တစ်လုံးနှင့် ကမ္ဘာအေးစေတီလမ်းနှင့် စက်မှု ၁ လမ်းထောင့်တွင် ၃ဝ ထပ် တစ်လုံးတို့ ဖြစ်ကြောင်း သိရသည်။

အထပ် ၂ဝ အထက် အဆောက်အအုံ ရှစ်လုံးမှာ အမှတ် (၅၉) ကမ္ဘာအေးဘုရားလမ်းတွင် ၂၄ ထပ်တစ်လုံး၊ အမှတ် (၁၂ဝ) ပြည်လမ်းတွင် ၂၅ ထပ်တစ်လုံး၊ အမှတ် (၂၂၈) အလုံလမ်းတွင် ၂၁ ထပ်ခွဲတစ်လုံး၊ ကမ္ဘာအေးစေတီလမ်းနှင့် စက်မှု (၁) လမ်းထောင့်တွင် ၂၃ ထပ်တစ်လုံး၊ ၂၆ ထပ်တစ်လုံး၊ အမှတ် (၂ဝ၈) အရှေ့မြင်းပြိုင်ကွင်းလမ်းတွင် ၂၅ ထပ်တစ်လုံး၊ အမှတ် (၄) သံသုမာလမ်း နှင့် ဝေဇယန္တာလမ်းထောင့်တွင် ၂၅ ထပ် တစ်လုံးနှင့် ၂၇ ထပ်တစ်လုံးတို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ အဆောက်အအုံများအား ဆောက်လုပ်သည့် ကုမ္ပဏီများကိုမူ မူလတင်ပြထားသည့် ကုမ္ပဏီနှင့် အမှန်တကယ် ဆောက်လုပ်ရာတွင်မူ အပြောင်းအလဲ ရှိနိုင်သောကြောင့် ထုတ်ပြန်မရနိုင်ကြောင်း အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခင် ရန်ကုန်မြို့တွင် အထပ် ၂ဝ နှင့် အထက် အဆောက်အအုံ ၂၄ လုံးနှင့် အထပ် ၃ဝ နှင့်အထက် အဆောက်အအုံ သုံးလုံး ဆောက်လုပ်ခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် နိုင်ငံတကာကဲ့သို့ ခေတ်မီအထပ်မြင့် အဆောက်အအုံများကို ဆောက်လုပ်ခွင့် လျှောက်ထားခြင်းကို လုပ်ထုံးလုပ်နည်းများနှင့် အညီစိစစ်ပြီး လယ်ကူစွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အထပ်မြင့်အဆောက်အအုံများ စစ်ဆေးရေးကော်မတီကို ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီသို့ တင်ပြလာသော အထပ်မြင့် အဆောက်အအုံများအား ဆောက်လုပ်ခွင့်ပြုရန် သင့်မသင့်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့တင်ပြပြီး အစိုးရအဖွဲ့မှ ခွင့်ပြုချက်ရရှိပါက ဆောက်လုပ်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအထဲမှ အချို့အဆောက်အအုံများ၏ ဆောက်လုပ်ခွင့် တင်ပြသည့်နေရာမှာ ရန်ကုန်မြို့လယ် ရှေးဟောင်းအဆောက်အအုံများနှင့် နီးနေခြင်းစသည်တို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့ ထပ်မံသဘောထား တင်ပြတောင်းခံခဲ့မှုများလည်းရှိပြီး ရန်ကုန်မြို့လယ်ရှိ အထပ် ၃ဝ ကျော်အဆောက်အအုံ တစ်လုံးမှာ ရှေးဟောင်းအဆောက်အအုံများနှင့် နီးနေခြင်း၊ ဘေးပတ်ဝန်းကျင်နေအိမ်များ၏ ထောက်ခံချက် မပြည့်စုံခြင်းတို့ကြောင့် ဆောက်လုပ်ခွင့်မပြုခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံများအား ကားပါကင်အလုံအလောက် ထည့်သွင်းရမည်ဖြစ်ပြီး ထည့်သွင်းခြင်း ရှိ မရှိ အဆောက်အအုံ တည်ဆောက်ပြီးသည့်အခါ မူလရေးဆွဲထားသည့် ကားပါကင်အကျယ်အဝန်းနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးအတည်ပြုပြီးမှ ခွင့်ပြုခြင်းဖြစ်ပြီး အဆိုပါ အထပ်မြင့်အဆောက်အအုံ များအတွက် စည်ပင်ကလည်း ရေပေးနိုင်မည် မဟုတ်ဘဲ မိမိအစီအစဉ်ဖြင့်သာ သုံးစွဲရမည်ဟု ထုတ်ပြန်ထားသည်။

Eleven Media


အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate