တန်ဖိုးနည်းအိမ်ရာ ရောင်းသောအခါ

မန္တလေးမြို့မှာ တန်ဖိုးနည်းအိမ်ရာက တစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ အောက်ရပေမယ့် ရန်ကုန်မှာတော့ သိန်း ၁၂၀ အနည်းဆုံး ဖြစ်သွားပါပြီ။ မန္တလေးမြို့က တန်ဖိုးနည်းအိမ်ရာက အခန်းဖွဲ့ထားပေမယ့် ရန်ကုန်က အခန်းမဖွဲ့ထားပါဘူး။ ၀ယ်ယူသူက အခန်းဖွဲ့ရမှာဖြစ်ပြီး အဲဒီအတွက် ကုန်ကျစရိတ် ထပ်ပြီးအကုန်အကျခံရဦးမှာပါ။ တိုက်ပုံစံချင်းယှဉ်ရင် ရန်ကုန်က ပိုပြီးဈေးနှုန်းလျော့နည်းရမယ့်အစား ဘာကြောင့် ဈေးပိုများနေရပါသလဲ။ ပညာရှင်တွေ လေ့လာနှိုင်းယှဉ်ပြီး သုံးသပ်ချက်စာတမ်းတစ်ခု ပြုစုထားသင့်ပါတယ်။ ပညာရှင်ဆိုတဲ့နေရာမှာ အင်ဂျင်နီယာတွေချည်းသက်သက် မဆိုလိုပါဘူး။ အိမ်ရာစီမံခန့်ခွဲရေးပညာရှင်တွေလည်း ပါမှဖြစ်ပါမယ်။ ဘယ်စီမံကိန်းမဆို အင်ဂျင်နီယာတွေပဲ တွက်ချက်ရင် စရိတ်ပိုကြီးမားတတ်ပါတယ်။ ကိုယ့်ဘက်ကို Safe Side ဆိုပြီး အရမ်းအသာယူလေ့ရှိလို့ ဖြစ်ပါတယ်။ အိမ်ရာစီမံခန့်ခွဲရေးပညာရှင်က အိမ်ရာသုံးစွဲနေထိုင်ရမယ့်သူတွေအတွက် စိစစ်တဲ့အမြင်နဲ့ ချဉ်းကပ်ရှုမြင်လေ့ရှိအောင် လေ့ကျင့်ထားသူတွေမို့ သူတို့ကိုပါ ညွှန်းဆိုရခြင်းဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံ ဒုတိယဒီမိုကရေစီခေတ်မှာ ပွဲဦးထွက် တန်ဖိုးနည်းအမည်သုံးပြီး ပေါ်ပေါက်လာတဲ့ စီမံကိန်းများဖြစ်တဲ့အတွက် တစ်နေရာနဲ့တစ်နေရာ နှိုင်းယှဉ်ပြီး အပြန်အလှန် သင်ခန်းစာယူသင့်တာတွေ ယူနိုင်ဖို့ (Plan Evaluation) မှတ်တမ်းကို ရေရှည်အတွက် ရယူထားရမှာဖြစ်တယ်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီးက လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းမှာ ပထမဆုံးပန်းဝင်လာတဲ့ တန်ဖိုးနည်းအိမ်ရာကို ပြည်သူတွေက ကြိုဆိုနေကြတာ တွေ့ရှိရပါတယ်။ တန်ဖိုးနည်းစံချိန်မမီသော်လည်း ‘‘တစ်စုံတစ်ရာက သုညထက်သာစမြဲ’’ (Something is better than nothing) ဆိုတာလို တစ်ခန်းလျှင် သိန်း ၁၂၀ နဲ့ စတင်ရောင်းချမယ့် အပိုင်း(၁)ကိုပဲ ၀ယ်နိုင်ဖို့ မျှော်လင့်နေကြပါပြီ။
တန်ဖိုးနည်းအိမ်ရာတွေ ရောင်းတော့မယ်ဆိုတော့ အရေးအကြီးဆုံးအချက်လေးချက်ကို ခေတ်သစ်စနစ်သစ်နဲ့အညီ တာထွက်ကောင်းကောင်း ဆောင်ရွက်ပေးစေချင်ပါတယ်။ ပထမဆုံးအချက်က အမှန်တကယ်လိုအပ်တဲ့ ပြည်သူတွေလက်ထဲကိုသာ ရောက်ရှိစေဖို့ ရည်ရွယ်ပြီး ၀ယ်မည့်သူတစ်ဦးချင်းအတွက် အခြေခံအရည်အချင်းသတ်မှတ်ချက် (Criteria)တွေ စနစ်တကျ ပြုစုထားဖို့ ဖြစ်ပါတယ်။ တန်ဖိုးနည်းအိမ်ရာစီမံကိန်းဆိုတဲ့အတိုင်း စီမံကိန်းရဲ့အကျိုးကို ခံစားရမယ့် ရည်မှန်းအုပ်စု (Target Group)ဟာ ၀င်ငွေနည်းပြည်သူများ (Low income group) ဖြစ်ရမယ်ဆိုတာ အထူးပြောဖို့ မလိုပါဘူး။ လက်တွေ့မှာ ဘယ်အတိုင်းအတာအထိ ၀င်ငွေရှိရမယ်။ မိသားစုဝင်ငွေ၊ မိသားစုဦးရေ၊ အလုပ်အကိုင်ရှိသူဦးရေ၊ အလုပ်အကိုင်အမျိုးအစား၊ အငြိမ်းစားဝန်ထမ်းဖြစ်လျှင် မည်သည့်အဆင့် အစရှိတဲ့ အချက်တွေကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပြီး သတ်မှတ်ပေးဖို့ လိုအပ်ပါတယ်။
ပထမဒီမိုကရေစီခေတ်မှာ NHB လို့ခေါ်တဲ့ ပြည်သူ့အိုးအိမ်အဖွဲ့ရဲ့ အိမ်ခန်းလျှောက်လွှာပုံစံတွေဟာ အချက်အလက်စုံလင်တာ၊ အမှတ်ပေးစနစ် ကျင့်သုံးတာ အလွန်ပင်စနစ်ကျကြောင်း တွေ့ရှိရပါတယ်။ နောက်ပိုင်းကာလ အထူးသဖြင့် မ.ဆ.လခေတ်ကစပြီး လက်သင့်ရာ ချထားပေးရင်း စနစ်တွေပျက်ကုန်တာပါပဲ။ ဘယ်အထိ ပျက်သလဲဆိုရင် ၀န်ကြီးအဆင့်က ‘‘ယခုလျှောက်ထားသူသည် အမှန်လိုအပ်၍ ချထားပါ’’လို့ မှတ်ချက်ပြု လက်မှတ်ထိုးထားတဲ့ စာရွက်တိုလေးကို ၀န်ကြီးရုံးက လျှောက်လွှာတစ်စောင်နဲ့တွဲပြီး ပေးလိုက်ပါတယ်။ အဲဒီလျှောက်လွှာရှင်ကို အခန်းချထားပေးပြီးတဲ့နောက် ၀န်ကြီးမှတ်ချက်ပါတဲ့ စာရွက်ကို ရုံးအဖွဲ့ကဖြုတ်ယူ အခြားလျှောက်လွှာတစ်စောင်နဲ့ ကပ်တင်ပြီး ဌာနအတွင်းက ချထားရေး အမိန့်ယူလိုက်ပါတယ်။ နောက်ပြီး ၀န်ကြီးမှတ်ချက်စာရွက်ကို ပြန်ဖြုတ်ပြီး နောက်ထပ်အလားတူ လျှောက်လွှာမှာကပ်ပြီး ချထားမိန့်ယူပြန်ပါတယ်။ ဒီလိုနဲ့ ၀န်ကြီးကပေးတာ တစ်ဦး၊ အောက်ကပေးတာ ၁၀ ဦးဖြစ်သွားတာ ၀န်ကြီး မသိလိုက်ရှာပါဘူး။ န.အ.ဖခေတ်ရောက်တော့ ၀န်ကြီးက မှင်နှစ်မျိုးနဲ့ မှတ်ချက်ပေးတယ်။ စာသားက ‘‘လျှောက်ထားသူအား မူနှင့်ညီလျှင် ဆောင်ရွက်ပေးပါ’’ လို့ အတူတူရေးပါတယ်။ ‘‘မူ’’ ဆိုလို့ တခြားမထင်ပါ နဲ့။ ၀န်ကြီးက မင်အနက်ဆိုရင် မပေးနဲ့၊ မင်အနီဆိုပေးလို့ဆိုပြီး အောက်ကို မှာထားပါတယ်။ မင်အရောင်မတူတာက ‘‘မူ’’ ဖြစ်နေပါတယ်။ အလွန်ပင် တရားကျဖို့ ကောင်းလှတဲ့စနစ်ကို ကြားသိခဲ့ရပြန်ပါတယ်။
ဘာပဲဖြစ်ဖြစ် တန်ဖိုးနည်းအိမ်ရာကို ရောင်းချတဲ့နေရာမှာ လုပ်ပိုင်ခွင့်အာဏာရှိသူတွေက၀င်ပြီး လက်သင့်ရာကို ရောင်းမပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒါလေးတစ်ခုတော့ ချမ်းသာပေးကြဖို့ သင့်ပါတယ်။ တိုက်ခန်းဈေး၊ မြေဈေးတွေက အလွန့်အလွန်ကောင်းနေတာမို့ စနစ်တကျ ရွေးချယ်နိုင်ဖို့ အုတ်ရောရော၊ ကျောက်ရောရောမဖြစ်ဖို့ ရသင့်တဲ့ပြည်သူတွေ မနစ်နာဖို့၊ အခြေခံအရည်အချင်းသတ်မှတ်ချက်ကို စနစ်တကျပြုစုရမှာ ဖြစ်ပါတယ်။
ဒုတိယအရေးကြီးတဲ့အချက်က ၀ယ်ယူခွင့်ရပြီးသူက လုံးဝမနေထိုင်ဘဲ အမြတ်တင်ရောင်းချမှု၊ စတိသဘောမျှ နေထိုင်ပြီး အမြတ်တင်ရောင်းချမှုစတာတွေကို ထိထိရောက်ရောက် တားမြစ်ဖို့အတွက် လွှဲပြောင်းရောင်းချမှုဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်ကို ပြဋ္ဌာန်းဖို့ဖြစ်ပါတယ်။ သာမန်ပြီးစလွယ် ရေးသားသတ်မှတ်ရှုံမျှနဲ့ မလုံလောက်ပါဘူး။ တိတိကျကျ အရေးယူမယ့် အချက်အလက်တွေကို လက်တွေ့ကျကျ အဖြစ်နိုင်ဆုံး စဉ်းစားပြီးသတ်မှတ်ဖို့ လိုအပ်ပါတယ်။ ပြည်သူ့ငွေနဲ့ အိမ်ခန်းပေါင်း ထောင်သောင်းချီပြီး ဆက်လက်ဆောက်လုပ်မယ့် အနာဂတ်စီမံကိန်းများပါ ‘‘အဟောသိကံ’’ မဖြစ်ဖို့ ဒီအချက်ကို အရေးကြီးအချက်အဖြစ် ဖော်ပြခြင်း ဖြစ်ပါတယ်။ တစ်ဆင့်ပြန်ရောင်းပြီး အမြတ်ယူချင်သူတွေက တာစူနေပါတယ်။ ဒီအချက်ကို မထိန်းနိုင်ရင် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ တန်ဖိုးနည်းအိမ်ရာ အရောင်းအ၀ယ်ဈေးကွက်ကြီးတစ်ခု ဖြစ်ပေါ်လာမယ့် အလားအလာက ၉၀ ရာခိုင်နှုန်း ရှိနေပါတယ်။ မ. ဆ.လခေတ်က ရန်ကုန်မြို့လယ်မှာရှိတဲ့ နိုင်ငံခြားပြန် တရုတ်၊ ကုလားတွေဆီက ပြည်သူပိုင်သိမ်း တိုက်ခန်းတွေမှာ တိုင်းရင်းသားတွေနေဖို့ဆိုပြီး နေရာချထားပေးခဲ့ပါတယ်။ ဒါပေမဲ့ အမှန်တကယ်နေရေးကို ထိန်းချုပ်တဲ့စနစ်က လုံးဝမထိရောက်ခဲ့ပါဘူး။ အချိန်တိုအတွင်းမှာပဲ လက်လွှဲရောင်းစားသွားတော့ တရုတ်၊ ကုလား လက်ထဲပြန်ရောက်ပြီး မြန်မာတွေက မြို့စွန်မှာ ဒုံရင်းဒုံရင်း ဖြစ်သွားတော့တာပါပဲ။ တန်ဖိုးနည်းအိမ်ရာတွေကို လွယ်လွယ်ရောင်းပြီး ကျူးဘ၀ရောက်သွားသူတွေ နိုင်ငံတကာမှာ အများကြီးရှိနေပါတယ်။
တတိယအရေးကြီးဆုံးက အရစ်ကျငွေပေးသွင်းမှုစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ တစ်လလျှင် မြန်မာငွေငါးသောင်းထက်မပိုဘဲ အနှစ် ၂၀ မှ ၃၀ အထိ အရစ်ကျစနစ်နဲ့ ရောင်းချတာ တွေ့ခဲ့ရပါတယ်။ ၀ယ်ယူသူလစာရဲ့ ၃၀ ရာခိုင်နှုန်းအထိသာ ပေးသွင်းစေတာဖြစ်ပါတယ်။ ဘဏ်ကို အိမ်ခန်းအပ်နှံပြီး ချေးငွေနဲ့ ၀ယ်ယူစေတဲ့ စနစ်လည်းဖြစ်ပါတယ်။ ဒီစနစ်ကို တန်ဖိုးနည်းအိမ်ရာ ဘဏ္ဍာငွေစနစ် (Financing Mechanism)အဖြစ် တခြားအာဆီယံနိုင်ငံတွေမှာပါ အောင်မြင်စွာ ကျင့်သုံးနေကြပြီဖြစ်ပါတယ်။ အဲဒီစနစ်ကြောင့်ပဲ ထပ်မြင့်တိုက်တွေဆောက်ပြီး ရောင်းနိုင်ဝယ်နိုင်တာ၊ မြို့ပြအိမ်ရာအဆင့်မြှင့်တင်ခြင်း (urban redevelopment) လုပ်နိုင်တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ မကြာမီက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (C.H.D Bank)ဆိုတာ ပေါ်ပေါက်လာပါတယ်။ ယနေ့အထိ ဒီပုတ်ထဲက ဒီပဲဆိုတာလို ဘဏ်ထဲက ဘဏ်ဖြစ်ပြီး ထူးမခြားနားဘဏ်ဖြစ်ပါတယ်။ တန်ဖိုးနည်းအိမ်ရာအတွက် ဘဏ္ဍာငွေစနစ်ကို လုံးဝမလုပ်ပေးနိုင်ရှာတဲ့ ဘဏ်ကြီးဖြစ်နေတာ အလွန်ဝမ်းနည်းဖွယ် ကောင်းပါတယ်။ ၁၃ ကျပ် အတိုးနှုန်းနဲ့ သုံးနှစ်မျှသာ အရစ်ကျပေးခွင့်ပြုနိုင်တဲ့ ဘဏ်လောကဟာ တန်ဖိုးနည်းအိမ်ရာအတွက်ဆိုရင် ထိရောက်တဲ့အရောင်းစနစ် (Effective Delivery System)ကို လုံးဝမျက်ကွယ်ပြုထားကြသလိုပါပဲ။ လက်တွေ့မှာ သိန်း ၁၂၀ ပေးရမယ့် အိမ်ခန်းကို ၀ယ်ယူတဲ့အခါ ၁၀ ရာခိုင်နှုန်းကိုပဲ ပထမအရစ် Down Payment အဖြစ် လက်ငင်းပေးရမယ်ဆိုတာတောင် ငွေ ၁၂ သိန်းကို ၀င်ငွေနည်းပြည်သူတွေက ဘယ်လိုမှ မတတ်နိုင်ရှာပါဘူး။ ၃၀ ရာခိုင်နှုန်းဆိုတော့ ဘယ်လိုလုပ်ကြမလဲ။
ထိုင်းနိုင်ငံမှာ ထူထောင်တဲ့ ဘဏ်က ပုဂ္ဂလိကနဲ့ ဖက်စပ်မလုပ်ပါဘူး။ ဆောက်လုပ်ရေး (Construction)နဲ့လည်း မရောနှောပါဘူး။ တန်ဖိုးနည်းအိမ်ရာအတွက် အစိုးရက သီးခြားထောက်ပံ့ချင်လွန်းလို့ ‘‘အစိုးရအိမ်ရာဘဏ်’’ (Govt;Housing Bank)လို့ ပီပီပြင်ပြင်ထူထောင်ပြီး ဈေးကွက်စီးပွားရေးစနစ်ရဲ့ ငွေကြေးဈေးကွက်ထဲကိုပါ ထိုးဖောက်ဝင်ရောက်လာတာပါ။ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်သူနဲ့ အိမ်ရာဝယ်သူနှစ်ဦးလုံးကို ငွေချေးပါတယ်။ တန်ဖိုးနည်းအိမ်ရာကို တခြားကိစ္စ ချေးငွေဘဏ်တိုးနှုန်းထက် တမင်လျှော့ပြီး ချေးပါတယ်။ အတိုးနှုန်းအတူတူ မယူပါဘူး။ အရစ်ကိုလည်း ပိုမိုဆန့်ထုတ်ပေးပါတယ်။ ပုဂ္ဂလိကတစ်ဦးချင်း အိမ်ဆောက်ချေးငွေကိုလည်း အဲဒီဘဏ်က ထုတ်ချေးပါတယ်။ အဲဒီလိုဘဏ်မျိုး မြန်မာနိုင်ငံမှာ အနှေးနဲ့အမြန် ထူထောင်နိုင်ဖို့ ကြိုးစားကြစေချင်ပါတယ်။
‘‘ကြောင်းတူသံကွဲ’’ ဘဏ်ထဲက ဘဏ်ဆိုရင် ဘာလုပ်မှာလဲ။ ဒီကြားထဲ အိမ်ဆောက်တဲ့လူကပဲ အိမ်ဝယ်မယ့်သူအတွက် ကာလတိုချေးငွေကို တာဝန်ယူပေးရဦးမယ်ဆိုတော့ မလွယ်ပါလား။ ထပ်ပြီး မဆောက်ချင်အောင် အားပေးနေသလိုပါပဲ။ နောက်ဆုံးတော့ ကိုယ်တိုင်အာမခံပေးနိုင်တဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကိုပဲ ရောင်းချပေးတဲ့ မူတစ်ရပ်ပေါ်ပေါက်လာပြီး Target group ခမျာ အဝေးတစ်နေရာက ရောင်းကားရောင်း၏မရလို့ ငိုချင်းချရမယ်ထင်ပါရဲ့။
စတုတ္ထအရေးကြီးဆုံးအချက်ကတော့ ဆက်လက်ထိန်းသိမ်းရေးကိစ္စပါပဲ။ တန်ဖိုးနည်းအိမ်ရာတွေ အစုအဝေးနဲ့ ဖြစ်ပေါ်လာတဲ့အခါ အိမ်ရာစခန်းသစ်များ (New Housing Estate)အဖြစ် ဒေသအသီးသီးမှာ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ ရေရှည်မှာ အိမ်ထောင်စုဦးရေ ထောင်ဂဏန်းအထိမှီခိုရာ အိမ်ရာစခန်းကြီးများပါ ပေါ်ပေါက်လာနိုင်ပါတယ်။ လောလောဆယ်မှာ အိမ်ခန်းရာဂဏန်းမျှရှိရင်ပဲ အုပ်ချုပ်မှုအရ သီးခြားအိမ်ရာစခန်းတစ်ခုအဖြစ် ထူထောင်ပေးရမှာဖြစ်ပါတယ်။ အိမ်ရာစခန်းရဲ့ ဂုဏ်အင်္ဂါတွေကလည်း Master Plan မှာ ပါဝင်ပြီး ဖြစ်ပါလိမ့်မယ်။ လူတွေနေရာချထားပြီးလို့ အိမ်ရာစခန်းတစ်ခု ဖြစ်လာရင် အခန်းအတွင်းရှိ ရေ၊ မီး၊ လမ်း၊ မိလ္လာစနစ်၊ အမှိုက်သိမ်းစနစ် စတဲ့အခြေခံအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းရေး စတဲ့လုပ်ငန်းတွေကို အများစုပေါင်းပြီး ဆောင်ရွက်ဖို့အတွက် လိုက်နာရမယ့် စည်းကမ်းတွေ၊ လုပ်ငန်းနည်းစနစ်တွေ ပြဋ္ဌာန်းပေးရန် လိုအပ်ပါတယ်။
အများပိုင် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းများကို အများဝိုင်းဝန်းထိန်းသိမ်းရာမှာ မြန်မာပြည်သားတွေ အလွန်အားနည်းနေသေးတာကို နေရာအနှံ့မှာ တွေ့နိုင်ပါတယ်။ ပုဂ္ဂလိက ကန်ထရိုက်တိုက်ကအစ အစိုးရတည်ဆောက်ရောင်းချတဲ့ တန်ဖိုးနည်း၊ တန်ဖိုးများ အိမ်ရာတွေအဆုံး တိုက်ခန်းကို ဆေးပြန်သုတ်ရင် တစ်ခန်းနဲ့ တစ်ခန်းမတူအောင် သီးခြားအရောင်ခွဲပြီး သုတ်ကြပါတယ်။ ဘာဆေးမျှမသုတ်ဘဲ ရေညှိအထပ်ထပ်တက်ပြီး ညောင်ပင်တွေပေါက်ရင်လည်း ပစ်ထားလေ့ရှိကြပါတယ်။ မြေညီထပ်က ရှေ့နဲ့နောက်ကို ချဲ့ချင်ချဲ့ကြပါတယ်။ မြေပိုတွေမှာ ဆိုင်ဆောက်တဲ့လူက အတင်းဝင်ပြီး ဆောက်ပါတယ်။ ရေမြောင်းတွေ ကျိုးပေါက်ပိတ်ဆို့နေရင် မမြင်ချင်ယောင်ဆောင်လေ့ရှိကြပါတယ်။ နောက်ဖေးလမ်းကြားကို အပေါ်ထပ်က လူတွေအားလုံးက အမှိုက်ပစ်ချရာနေရာအဖြစ် ညီညွတ်စွာ လက်ခံထားကြပါတယ်။
ဒါတွေမဖြစ်အောင် ကာကွယ်ဖို့ စင်ကာပူနိုင်ငံမှာ အိမ်ရာစခန်းများကို Town Council Act ဆိုတဲ့ ဥပဒေတစ်ရပ်ပြဋ္ဌာန်းပြီး လိုက်နာဆောင်ရွက်စေပါတယ်။ စည်းကမ်းချမှတ်ရုံနဲ့ လူတွေက မလိုက်နာကြပါဘူး။ မြန်မာနိုင်ငံမှာလည်း တန်ဖိုးနည်းအိမ်ရာတွေ စခန်းတွေ ရေရှည်တည်တံ့ရေးအတွက် ထိမ်းသိန်းရေးဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးဖို့ စဉ်းစားဆောင်ရွက်သင့်ပါပြီ။ ယခင် တည်ဆောက်ခဲ့တဲ့ တန်ဖိုးနည်းအိမ်ရာစခန်းများဟာလည်း တန်ဖိုးပျက်အိမ်ရာတွေ ဖြစ်ကုန်ပါပြီ။ ဒါကြောင့်မို့ စည်းကမ်းချက်နဲ့ပဲ ပစ်ထားရင်တော့ အချိန်တိုကာလအတွင်း Low cost slums ခေါ်တဲ့ တန်ဖိုးနည်း အဆင့်နိမ့်ရပ်ကွက်အသစ်တွေသာ နိုင်ငံအနှံ့တိုးပွားလာမှာ အလွန်ပင် သေချာလှပါတယ်။

Ref : 7day

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate