သီလ၀ါ အထူးစီးပွားရေးဇုန်၌ မြေသိမ်းမိန့် ထုတ်ပြန်ထားပြီး စက်မှုမြေငှားဂရန် ထုတ်ပေးထား

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ၃၈၄၀ ဒသမ ၄၇၂ ဧကအား မြေသိမ်းမိန့် ထုတ်ပြန်ပေးထားပြီး ၅၀၂၇ ဒသမ ၀၂ ဧကအား စက်မှုမြေငှားဂရန် ထုတ်ပေးထားပြီးဖြစ်ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီမှ ဇူလိုင် ၁၃ ရက်က သတင်းရရှိသည်။

သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းအဆင့်များတွင် ကြုံတွေ့နေရသည့် မြေယာဆုံးရှုံးမှုများကြောင့် စီမံကိန်းတွင် ပါဝင်ဖယ်ရှားပေးခဲ့ရသည့် ဒေသခံများက JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းအေဂျင်စီ) စစ်ဆေးရေးအရာရှိထံသို့ ဇွန် ၂ ရက်တွင် ကန့်ကွက်လွှာအား ဂျပန်နိုင်ငံသို့ သွားရောက်ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းကန့်ကွက်လွှာတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ဆောင်နေသည့် သီလ၀ါစီမံကိန်း ပထမအဆင့်စီမံကိန်း ဟက်တာ ၄၀၀ နှင့် ဒုတိယအဆင့်စီမံကိန်း ဟတ်တာ ၂၀၀၀ တွင် လယ်ယာမြေဆုံးရှုံးခြင်း၊ လယ်ယာမြေတွင် စိုက်ပျိုးခွင့်ဆုံးရှုံးခြင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများ ဆုံးရှုံးခြင်း၊ ဆင်းရဲနွမ်းပါးမှု ပိုမိုဖြစ်ပေါ်စေခြင်း၊ ပြန်လည်နေရာချထားသည့် မြိုင်သာယာရှိ အခြေခံအဆောက်အအုံနှင့် နေရာထိုင်ခင်း အဆင့်အတန်းနိမ့်ပါးမှု၊ သန့်ရှင်းသောရေ ရရှိမှုမရှိခြင်း စသည့်အချက်များ ပါဝင်သည်ဟု သီလ၀ါ လူမှုဘ၀ဖွံ့ဖြိုးရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ယင်းသို့ ကန့်ကွက်ခြင်းမှာ ယခု အကောင်အထည်ဖော်နေသည့် သီလ၀ါ အထူးစီးပွားရေးဇုန်ပါဝင်သော ပထမအဆင့်စီမံကိန်း ဟက်တာ ၄၀၀ တွင် ဒေသခံပြည်သူများမှ သတ်မှတ်ထားသည့်အတိုင်း လျော်ကြေးမရရှိခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဒုတိယအဆင့်စီမံကိန်း ဟတ်တာ ၂၀၀၀ တွင်လည်း အလားတူကိစ္စရပ်မျိုး မဖြစ်စေရန် ယခုကဲ့သို့ ကန့်ကွက်လွှာ ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

သီလ၀ါအထူးစီးပွားရေးဇုန်တွင် ၀င်ရောက်မြှုပ်နှံမည့် Developer အတွက် မြေငှားခနှုန်းထားအား ငါးဒေါ်လာ/စကွဲယား မီတာနှုန်းဖြင့် နိုင်ငံတော်မှ သတ်မှတ်ထားပြီး Developer မှတစ်ဆင့် Invester ထံသို့ ထပ်ဆင့်မြေငှားခနှင့် ပတ်သက်၍ တင်ပြမည်ဖြစ်သည်။ Developer အနေဖြင့် အစိုးရထံမှ မြေငှားခနှင့် တည်ဆောက်မှုစရိတ်ပေါင်း ၃၇ ဒသမ ၆ ဒေါ်လာ/စကွဲယားမီတာ ရှိနေသဖြင့် သီလ၀ါအထူးစီးပွားရေးဇုန် မြေဈေးနှုန်းအား ဒေသတွင်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်၍ မများလွန်း၊ မနည်းလွန်းသည့်ဈေးနှုန်း သတ်မှတ်နိုင်ရန် ဂျပန်နိုင်ငံအစိုးရနှင့် MJTD Developer မှ တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၆၅-၇၀ နှုန်း သတ်မှတ်ရန် အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် အနီးပတ်လည်တွင် လက်ရှိပြင်ပ ပေါက်ဈေးနှုန်းမှာ တစ်ဧကလျှင် အနိမ့်ဆုံး ကျပ်သိန်း ၃၀၀၀ ကျော်အထိ ရှိနေပြီး ရန်ကုန်မြို့ရှိ အအောင်မြင်ဆုံး စက်မှုဇုန်များဖြစ်သည့် လှိုင်သာယာစက်မှုဇုန်တွင် မြေတစ်ဧကလျှင် ကျပ်သိန်းတစ်သောင်းခန့်အထိ ခေါ်ဈေးရှိနေသည်။ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့နှင့် ဂျပန်နိုင်ငံ တိုကျိုမြို့၏ မြို့လယ်မြေဈေးနှုန်းများထက် ပိုမိုကြီးမြင့်နေသည့် ရန်ကုန်မြို့၏ မြေတစ်ပေပတ်လည်ဈေးနှင့် နှိုင်းယှဉ်ပါက သီလ၀ါအထူးစီးပွားရေးဇုန်အတွက် လက်တလော အဆိုပြုထားသည့် ဈေးနှုန်းမှာ သင့်လျော်သောနှုန်းထား ဖြစ်နေသည်။

Eleven


အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate