မန္တလေးမြို့တော်တွင် တည်ဆောက်လျက် ရှိသည့် တန်ဖိုးနည်း အိမ်ရာများကို တည်ဆောက်မှု ပြီးစီးသည့် ဧပြီလကုန်ပိုင်းတွင် စတင် ရောင်းချပေးမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ဝန်ကြီး ဦးအောင်မောင်းက ပြောကြားသည်။
အဆိုပါအိမ်ရာ တည်ဆောက်မှုမှာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး တန်ဖိုးနည်း အိမ်ရာ တစ်ခန်းလျှင် ကျပ်သိန်းတစ်ရာအောက် ဈေးနှုန်းဖြင့် ရောင်းချပေးရန် စီစဉ်ထားကြောင်း၊ လျှောက်ထားမှုနှင့် ဈေးနှုန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆွေးနွေး ညှိနှိုင်းနေပြီ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“ဈေးနှုန်း တစ်ခုတည်း သတ်မှတ်ပြီး အခန်းအားလုံးကို မဲနှိုက်ပြီး ရောင်းပေးမှာပါ။ အလွှာလိုက် ဈေးနှုန်း သတ်မှတ်တာမျိုး မဟုတ်ဘဲ တစ်ခုလုံးကို ဈေးတစ်မျိုးတည်းနဲ့ ရောင်းချပေးမှာပါ” ဟု ၎င်းက ထပ်မံဆိုသည်။
မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ ရပ်ကွက်နှင့် အောင်သာယာ ရပ်ကွက်တွင် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၃၄၄ ခန်းကို ပထမအဆင့် အနေဖြင့် တည်ဆောက်နေခြင်း ဖြစ်သည်။
အဆိုပါ တန်ဖိုးနည်း တိုက်ခန်းများကို မြို့ပြ စီမံကိန်း ဆောင်ရွက်ရန် အတွက် သိမ်းဆည်းထားသည့် ချမ်းမြသာစည်မြို့နယ် ကံကြီးကုန်းနှင့် ဇီးအုပ် ကျေးရွာများမှ ဝယ်ယူထားခဲ့သူများ အားလုံးကို ဦးစားပေး ရောင်းချပေးမည် ဖြစ်ကြောင်း၊ အငြိမ်းစား ဝန်ထမ်းများ၊ နေထိုင်ရေး ခက်ခဲနေသည့် ဝန်ထမ်းများနှင့် ပြည်သူများကို ရောင်းချပေးရန် စီစဉ်ထားကြောင်း ဝန်ကြီး ဦးအောင်မောင်းက ပြောကြားသည်။
အဆိုပါ ကံကြီးကုန်းနှင့် ဇီးအုပ်ကျေးရွာတွင် သိမ်းဆည်း ခံထားရသည့် လယ်ယာမြေများကို ဝယ်ယူမှု မပြုရန် တားမြစ်ထားသော်လည်း လက်ရှိ ပေ ၃၀၊ ပေ ၄၀ မြေတစ်ကွက်လျှင် ကျပ်ခြောက်သိန်းဖြင့် ဝယ်ကာ နေထိုင်သူများ တိုးလာကြောင်း ဇီးအုပ် ကျေးရွာဒေသခံ ဦးစိုးမိုးအောင်က ပြောကြားသည်။
“လူတွေက နေစရာ မရှိတော့ နေစရာ ရလိုရငြား ဆိုပြီး ဝယ်နေကြတာ၊ အရင်ကထက်တောင် ပိုတိုးလာတယ်၊ မပိုင်မှန်း သိပေမယ့်လည်း ဘယ်လောက်ပဲ နေရနေရ ဆိုပြီး ဝယ်ကြတာ” ဟု ၎င်းကဆိုသည်။
ယင်းသို့ တန်ဖိုးနည်းအိမ်ရာ ရောင်းချပေးမည်ဟု ဆိုသော သတင်း ထွက်ပေါ်နေမှုများကြောင့် လျှောက်လွှာများ စတင် လက်မခံသေးသော်လည်း မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ပေးပို့ လာသော လျှောက်လွှာပေါင်း ထောင်ကျော် ရှိကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။
The Voice
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate