ဗိုလ်ဗထူးပြီးနောက် ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာ ၀ယ်ယူခွင့် လျှောက်လွှာများ စတင်လက်ခံနေပြီး အခန်းဈေးနှုန်းများမှာ ဗိုလ်ဗထူးကဲ့သို့ပင် အနည်းဆုံး ကျပ်သိန်း ၂၀၀ ကျော်ရှိနေ


ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၂ ရပ်ကွက်ရှိ ဗိုလ်မင်းရောင်တန်ဖိုးမျှတအိမ်ရာ စီမံကိန်းနေရာကို တွေ့ရစဉ်

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက်ရှိ ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်းလျှောက်လွှာများ လက်ခံပြီးနောက် ၄၂ ရပ်ကွက်ရှိ ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းအတွက် ၀ယ်ယူခွင့် လျှောက်လွှာများ စတင်လက်ခံနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာန၏ ကြေညာချက်အရ သိရသည်။

အခန်းဈေးနှုန်းများ အနေဖြင့် ဗိုလ်ဗထူး အိမ်ရာကဲ့သို့ပင် အနည်းဆုံး ကျပ်သိန်း ၂၀၀ ကျော်ရှိမည်ဖြစ်ပြီး အခန်းကျယ် ၆၀၀ စတုရန်းပေရှိသော အခန်းတစ်ခန်းလျှင် တန်ဖိုးကျပ် ၂၅၅ သိန်းနှင့် ၉၀၀ စတုရန်းပေရှိသော အခန်းအတွက် တန်ဖိုးကျပ် ၃၄၇ သိန်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အိမ်ရာအတွက် တိုက်ခန်းများကို စနစ်နှစ်မျိုးဖြင့် ရောင်းချမည်ဖြစ်ပြီး လက်ငင်းငွေချေစနစ်နှင့် ဘဏ်ချေးငွေဖြင့် စနစ် (လေးနှစ်ကို အရစ်ကျ ပြန်ဆပ်သည့်စနစ်) များဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း၊ လက်ငင်းငွေချေစနစ်အတွက် စာချုပ်ချုပ်ဆိုသည့် အချိန်မှ အခန်းအပ်နှံသည့် အချိန်အထိ ငွေကြေးခွဲပေးရမည်ဖြစ်ပြီး ယင်းအတွက် အတိုးမပေးရကြောင်း၊ ဘဏ်ချေးငွေစနစ်ဖြင့် ၀ယ်ယူပါကမူ လေးနှစ်ဖြစ်၍ ဘဏ်ဝန်ဆောင်မှုနှင့် အတိုးငွေများ ပေးရမည်ဖြစ်ကြောင်း၊ ကျပ် ၂၅၅ သိန်းတန်အခန်း ၀ယ်ယူမည်ဆိုပါက ဘဏ်ဝန်ဆောင်မှုနှင့် အတိုးနှုန်းငွေ ကျပ် ၆၂ သိန်းနီးပါး ထပ်ဆောင်ပိုပေးရမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

ဝယ်ယူရန်လျှောက်ထားသူ မိသားစု၏ အနည်းဆုံးဝင်ငွေသည် ကျပ်သုံးသိန်းရှိရမည်ဖြစ်ပြီး ယင်းစီမံကိန်းမှ အခန်းပေါင်း ၄၀၀ ကျော် ရောင်းချပေးမည်ဖြစ်ကာ လက်ရေးပုံစံဖြင့်သာ ဧပြီ ၁၁ ရက်နောက်ဆုံးထား၍ လျှောက်ထားရမည်ဟု သိရသည်။

အဆိုပါ စီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးကြပ်၍ အောင်မြင်တိုးတက်ကုမ္ပဏီက ဆောက်လုပ်နေခြင်းဖြစ်ပြီး နှစ်နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဟု သိရသည်။

ယခင် ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းတွင် ၀ယ်ယူခွင့်လျှောက်ထားပြီးသူများ ယခုဗိုလ်မင်းရောင် စီမံကိန်းတွင် လျှောက်ထားခွင့်ပြုမည် မဟုတ်ကြောင်း၊ ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်း ၀ယ်ယူခွင့်ရရှိသူများအား ချန်လှပ်၍ ကျန်လျှောက်လွှာများအား ဗိုလ်မင်းရောင်စီမံကိန်းတွင် ထည့်သွင်းပေးသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်း လျှောက်လွှာများ ခေါ်ယူခဲ့စဉ်ကလည်း အခန်းပေါင်း ၄၀၀ ကျော်သာ ရောင်းချပေးမည်ဖြစ်သော်လည်း လျှောက်ထားသူ ၁၃၀၀၀ ကျော်ရှိခဲ့ကြောင်း၊ ယင်းအိမ်ရာ အခန်းတန်ဖိုးမှာလည်း အနည်းဆုံး ကျပ် ၂၃၇ သိန်းနှင့် အများဆုံးကျပ် ၃၂၉ သိန်းအထိ ရှိခဲ့သည်။ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းအနေဖြင့် ဈေးနှုန်းများပြားသည်ဟု ဝေဖန်မှုများ ထွက်ရှိခဲ့သော်လည်း လျှောက်ထားသူ များပြားခဲ့ပြီး ၀န်ထမ်းအများစု ၀ယ်ယူနိုင်သည့် အနေအထားမရှိ၍ လျှောက်ထားမှုမရှိခဲ့ကြောင်း စုံစမ်းသိရသည်။      

Eleven