သီလဝါ အထူးစီးပွားရေး ဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုများ နည်းဥပဒေ ထွက်ရှိမှသာ လုပ်ငန်းစတင်မည်

သီလဝါ အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများကို မေလဆန်းတွင် ခွင့်ပြုနိုင်ရန် ရည်မှန်းထားပြီး အထူးစီးပွားရေးဇုန် နည်းဥပဒေ ထုတ်ပြန်ပြီးမှသာ တရားဝင်လုပ်ငန်း စာချုပ်ချုပ်ဆိုကာ လုပ်ငန်းများ လည်ပတ်မည် ဖြစ်ကြောင်း မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးရေးကုမ္ပဏီ (MJTD) ဥက္ကဋ္ဌ Mr. Takashi Yanai က The Voice သို့ ပြောကြားသည်။

အဆိုပါ နည်းဥပဒေကို လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန လက်အောက်ရှိ အထူးစီးပွားရေးဇုန် ဌာနက တာဝန်ယူ ရေးဆွဲလျက်ပြီး အထူးစီးပွားရေးဇုန် အကောက်ခွန် လုပ်ငန်းစဉ်များကို ဆွေးနွေး ညှိနှိုင်းလျက် ရှိကြောင်း အဆိုပါ ဌာနထံမှ စုံစမ်း သိရှိရသည်။

“အကောက်ခွန်နဲ့ ပတ်သက်ပြီး အကောက်ခွန်ဌာန တာဝန်ရှိသူတွေရယ်၊ နောက် ဂျပန်ဘက်က Nippon Koei က တာဝန်ရှိသူတွေရယ်နဲ့ ဒီဧပြီလဆန်းမှာ ဆွေးနွေးညှိနှိုင်းဖို့ ရှိသေးတယ်” ဟု Mr. Takashi Yanai က ပြောဆိုသည်။

သင်္ကြန်ပွဲတော် ကာလဖြစ်သည့် ဧပြီလတွင် အစိုးရရုံး ပိတ်ရက်များ ရှိနေခြင်းနှင့် နည်းဥပဒေ ရေးဆွဲပြီးပါက ရှေ့နေချုပ်ရုံးသို့ တင်ပြခြင်းစသည့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ရှိသေးသည့် အတွက် မေလတွင် ထုတ်ပြန်နိုင်ခြင်း ရှိ၊ မရှိကိုမူ အတိအကျ မပြောနိုင်သေးကြောင်း ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် သီလဝါ အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အဆိုပြုထားသော ကုမ္ပဏီ ၁၇ ခုရှိပြီး ကုမ္ပဏီ အများစုမှာ ဂျပန်၊ ဟောင်ကောင်နိုင်ငံတို့မှ ဖြစ်ကြောင်း MJTD ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးဝင်းအောင်က ဆိုသည်။

အဆိုပါ ကုမ္ပဏီများတွင် လုပ်သားအင်အား အသုံးပြု အထည်ချုပ်လုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်းနှင့် မော်တော်ယာဉ် တပ်ဆင်ခြင်း လုပ်ငန်းများမှာ အများစု ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုများအတွက် မြေငှားရမ်းခြင်းကို လက်ရှိ စက်မှုဇုန် ပေါက်ဈေး များထက် သက်သာသော နှုန်းထား၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်သော နှုန်းထားများဖြင့် ရောင်းချရန် စီစဉ်ထားကြောင်း တာဝန်ရှိသူများက ပြောဆိုထားသော်လည်း မည်သည့် ဈေးနှုန်းဖြင့် ရောင်းချမည်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်ကို မြေဟက်တာ ၄၀၀ နီးပါး ဝန်းကျင်တွင် လုပ်ငန်းစတင် လည်ပတ်မည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းများ စတင် လည်ပတ်နိုင်မည် ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားထားသည်။

the voice
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate