စီမံကိန်း ခေတ္တရပ်နားသည်ဆို၍ လေဆိပ်အနီးမြေကွက်များ ဈေးကျ



ပဲခူးမြို့အနီးတွင်တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်မှာ လတ်တလောအချိန်တွင် ခေတ္တ ရပ်ဆိုင်းနေသည်ဟူသည့် သတင်းများ ကြောင့် လွန်ခဲ့သည့်သီတင်းပတ်များမှ စတင်ကာ လေဆိပ်အနီးရှိမြေကွက် အရောင်းအဝယ်များ ပြန်လည်တုံ့ဆိုင်းသွား ခဲ့သည့်အပြင် ဈေးနှုန်းများလည်းကျဆင်း သွားခဲ့သည်ဟု ပဲခူးမြို့ရှိ အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းရှင်များက ပြောသည်။

''လေဆိပ်စီမံကိန်းစတင်ဖို့ ညှိနှိုင်းမှု အဆင့်မှာ အဆင်မပြေသေးတာကြောင့် ခေတ္တရပ်ဆိုင်းနေတယ်လို့ ကြားတယ်၊ ဒါကြောင့် လွန်ခဲ့တဲ့ သုံးလေးပတ်လောက် ကစပြီး မြေကွက်အရောင်း အဝယ်တွေ တော်တော်လေးအေးသွားခဲ့တယ်။ ကြား မိသလောက် လေဆိပ်စီမံကိန်းကို ပထမ တုန်းက ကိုရီးယားကအင်ချွန်း ကုမ္ပဏီနဲ့ လက်တွဲလုပ်ကိုင်ဖို့ အစိုးရကသဘောတူ ထားတာ။ ဒါပေမယ့် ကိုရီးယားနဲ့ညှိနှိုင်း မှုအဆင်မပြေတာကြောင့် ခဏရပ်နေပြီး အခု ဂျပန်မှာရှိတဲ့ စင်ကာပူကုမ္ပဏီ တစ်ခုနဲ့ စီမံကိန်းဆက်လက်ဆောင်ရွက်ဖို့ ညှိနှိုင်းနေတယ်လို့ကြားတယ်။ ဒီတော့ အရင်ကဈေးကောင်းရခဲ့တဲ့ စီမံကိန်းဝန်း ကျင်တဝိုက်ကမြေကွက်တွေတောင် ဈေး တွေကျကုန်တယ်'' ဟု ပဲခူးမြို့အခြေစိုက် ကျော်သီဟ အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းပိုင်ရှင် ကိုကျော်ဝင်းကပြောသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေ ဆိပ်စီမံကိန်းကြောင့် ဥသာမြို့သစ်၏ အဓိကအချက်အချာနေရာများ ဖြစ်သည့် မြို့ရှောင်လမ်းရှိမြေကွက်များနှင့်လေဆိပ် အဝင်လမ်းရှိမြေကွက်များမှာ ယမန်နှစ် နှောင်းပိုင်းကစတင်၍ ဈေးနှုန်းများ အဆ မတန်မြင့်တက် လာခဲ့ခြင်းဖြစ်သည်ဟု ပဲခူးမြို့ရှိ အိမ်ခြံမြေအကျိုးဆောင်များက မဇ္ဈိမကို ပြောသည်။

လေဆိပ်ပြီးစီးချိန်တွင် စီးပွားရေးဈေး ကွက်အရ ပိုမိုအချက်အချာ ကျလာနိုင် သည့်အတွက် ဈေးတက်လာမည့်အချိန် ကိုစောင့်မျှော်၍ ကြိုတင်ရင်းနှီးမြှုပ်နှံလာ ကြခြင်းကြောင့် မြေကွက်ဈေးနှုန်းများမြင့် တက်ခဲ့ခြင်းဖြစ်သည်ဟု ပဲခူးမြို့ရှိ ဝါရင့် အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

'' မြို့သစ်ဧရိယာတဝိုက်ကလေဆိပ်စ မံကိန်းနဲ့နီးတဲ့အပြင် အဲဒီမှာဌာနဆိုင်ရာ လူကြီးတွေကိုချပေးထားတဲ့ မြေကွက် တွေလည်း ရှိတယ်၊ မြို့သစ်က စတုရန်းပေ ၈,ဝဝဝ လောက်ရှိတဲ့မြေကွက်က လက်ရှိ အချိန်မှာ သိန်း ၁,၅ဝဝ လောက် ပေါက် ဈေးရှိနေတယ်။ လွန်ခဲ့တဲ့နှစ်တွေ တုန်းက ဆိုရင် သိန်း ၁၅ဝ လောက်ပဲရှိတယ် လေဆိပ်စီမံကိန်းဆိုတဲ့ သတင်းကြောင့် မြို့သစ်ကမြေကွက်တွေကတော့ ဝယ်လို အား များပြီး ဈေးလည်းမြင့်နေခဲ့တယ်''ဟု ပဲခူးမြို့အခြေစိုက Bago Land အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဝါရင့်အိမ်ခြံမြေ အကျိုးဆောင် ဦးဥာဏ်လင်းက ပြောသည်။

လေဆိပ်စီမံကိန်းကြောင့် မြေကွက်များ ဈေးမြင့်တက်လာခြင်းသာမက ပဲခူးစက်မှု ဇုန်ဖွံ့ဖြိုးလာမှုအရှိန်ကြောင့်လည်း အဆိုပါ အနီးတဝိုက်ရှိ မြေကွက်များမှာ ဈေး ကောင်းလာခဲ့သည်ဟုလည်း ဦးဥာဏ်လင်း က ပြောသည်။

'' အရင်တုန်းက ပဲခူးမြို့စွန်ဘက်တွေ ဆိုရင်စိတ်ဝင်စားတဲ့သူ နည်းတယ်လို့ပြော နိုင်တယ်။ ဒါပေမဲ့ ဟံသာဝတီလေဆိပ် စီမံကိန်းရှိလာတော့မယ်ဆိုတဲ့ သတင်း လည်းကြားရော ရင်းနှီးမြှုပ်နှံမယ့်သူတွေ ကပဲခူးအနီးတဝိုက် အချက်အချာနေရာက မြေကွက်တွေကို စီးပွားရေးအခွင့်အလမ်း တွေရှိလာရင်လုပ် ကိုင်နိုင်ဖို့အပြိုင်အဆိုင် ဝယ်ယူလာကြတဲ့အတွက် ဈေးတွေအဆ မတန် တက်လာခဲ့တယ်။ စီမံကိန်းသတင်း မကြားခင် လွန်ခဲ့တဲ့နှစ်တွေထက် အဆ တစ်ရာလောက်တောင် ဈေးတက်လာတယ် လို့ ပြောနိုင်ပါတယ်''ဟု အဆိုပါဝါရင့် အကျိုးဆောင်က ပြောသည်။

ပဲခူးမြို့သည် ပြည်ပရင်းနှီးမြှုပ်နှံသူများ အတွက် လိုအပ်ချက်များရှိနေ သော်လည်း ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ စက္ကူပုံးထုတ်လုပ်သည့် လုပ်ငန်းများနှင့် ဖိနပ်ထုတ်လုပ်ခြင်းလုပ် ငန်းများအတွက် စက်ရုံတည်ဆောက်ရန် ပဲခူးစက်မှုဇုန်တွင် မြေနေရာရှာဖွေပေးရ ခြင်းများရှိသည်ဟုလည်း ဦးဥာဏ်လင်း ကပြောသည်။

''ခန့်မှန်းရသလောက် လေဆိပ်စီမံ ကိန်းပြီးစီးသွားတဲ့အချိန်မှာ မြို့သစ်ကတော့ ဈေးအကောင်းဆုံးဖြစ်မှာပါပဲ။ ရင်နှီးမြှုပ် နှံသူတွေ အခုထက်ပိုဝင်လာမယ်ဆိုရင် တော့လေဆိပ်စီမံကိန်းကြောင့် ပဲခူးမြို့ရဲ့ မြေဈေးနဲ့အိမ်ဈေးတွေက ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ အိမ်ခြံမြေဈေးကွက်တွေ အတိုင်း ဖွံ့ဖြိုးမှုရှိလာနိုင်မယ်လို့ ခန့်မှန်း ရပါတယ်'' ဟု ၄င်းကပြောသည်။

ကိုကျော်ဝင်းကလည်း ''ဘီယာစက်ရုံ တို့၊ လက်အိတ်စက်ရုံတို့ဆောက်ဖို့အတွက် ပဲခူးစက်မှုဇုန်မှာ လုပ်ငန်းရှင်တွေက မြေ  ကွက်ကျယ်တွေဝယ်လာ ကြတာကြောင့် လွန်ခဲ့တဲ့လတွေတုန်းက ဝယ်လိုအားတက် ခဲ့တယ်။ ပဲခူးစက်မှုဇုန်မှာ မြေဈေးတွေက သက်သာတယ်။ နောက်တစ်ချက်က လျှပ်စစ်မီးလည်းရနေပြီဆိုတော့ လုပ်ငန်း ရှင်တွေအတွက် လုပ်ငန်းလုပ်ကိုင်ဖို့ အဆင်ပြေတာလည်းပါတယ်။အနာဂတ်မှာ တော့ လေဆိပ်စီမံကိန်း အခြေအနေပေါ်မူ တည်ပြီး လေဆိပ်အနီးတဝိုက်က စီးပွား ရေးအရ အချက်အချာကျတဲ နေရာတွေမှာ ဈေးနှုန်းနှစ်ဆနီးပါးလောက် မြင့်တက် သွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ သိန်း ၁,ဝဝဝ တန်မြေကွက်တွေက သိန်း၂ဝဝဝ လောက်ထိ ဈေးတက်သွားတာမျိုးပေါ့'' ဟုပြောသည်။

မြို့သစ်ရှိ လေဆိပ်အဝင်လမ်းတွင် နေ ထိုင်သူတစ်ဦးဖြစ်သူကိုသက်ဦးက လေဆိပ် စီမံကိန်းစတင်လာခြင်းက ပဲခူးမြို့ဖွံ့ဖြိုးတိုး တက်ရန်အတွက် အရှိန်အဟုန်ရလာစေရန် အထောက်အကူပြုမည် ဟုပြောသည်။

''ပဲခူးမြို့ရဲ့မြို့ပြအင်္ဂါရပ်က ရန်ကုန်နဲ့ နှိုင်းယှဉ်ရင်အားနည်းတယ်လေ။ ဒါပေမယ့် ဟံသာဝတီလေဆိပ်ကြောင့် ပဲခူးမြို့ရဲ့မြို့ ပြအင်္ဂါရပ်တွေပိုမို တိုးတက်လာလိမ့်မယ်လို့ ပြောနိုင်တယ်။ စီမံကိန်းတိုးတက်လာမှုက လေဆိပ်အဝင်လမ်းတစ်လျှောက်နဲ့လေ ဆိပ်အနီးနားက လမ်းတွေပါမကျန်ဈေး တွေကောင်းလာနိုင်တယ်။ ဒီအနီးအနား တဝိုက် ကအတွင်းလမ်းတွေမှာ တောင် ဈေးတွေ ဆယ်ဆမကတက်လာခဲ့တယ်။

စီမံကိန်းသာ တကယ်စပြီဆိုရင်မြေဈေး တွေ ဒီထက်မြင့်လာဦးမှာ သေချာပါတယ်'' ဟုလည်း ၄င်းက ပြောသည်။

ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ရှိပြီး ၂ဝ၁၈ ခုနှစ်တွင် စီမံကိန်းပြီးစီးမည်ဟု ခန့်မှန်းထားသည်။ စီမံကိန်းအကျယ်အဝန်း မှာဧက ၁ဝ,ဝဝဝ နီးပါးခန့်ရှိပြီး တည်ဆောက်ပြီးစီးပါက မြန်မာနိုင်ငံတွင်အကြီးဆုံး အပြည်ပြည် ဆိုင်ရာလေဆိပ်တစ်ခုဖြစ် လာမည်ဟု သိရသည်။ အပြည်ပြည်ဆိုင်ရာ လေဆိပ် သည် နှစ်စဉ်ခရီးသည် ပေါင်း ၁၂ သန်း ခန့်ကို ဝန်ဆောင်မှုပေးနိုင်မည်ဟုလည်း သိ ရသည်။


Mizzima