သီလ၀ါ အထူးစီးပွားရေးဇုန်မြေဈေးနှုန်းကို လက်ရှိစက်မှုဇုန် ပေါက်ဈေးထက် ရာခိုင်နှုန်း ၃၀ မှ ၄၀ အထိ လျှော့ချထားပြီး ယင်းအချက်သည် မြေဈေးကစားသူများကိုသာ ထိခိုက်မှုရှိမည်ဟုဆို


သီလ၀ါစက်မှုဇုန်မြေကွက်များကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)

သီလဝါ အထူးစီးပွားရေးဇုန်မြေဈေးနှုန်းများကို လက်ရှိစက်မှုဇုန် ပေါက်ဈေးထက် ရာခိုင်နှုန်း ၃ဝ မှ ၄ဝ အထိ လျှော့ချပေးထားပြီး ယင်းအချက်သည် စက်မှုဇုန်မြေဈေးကစားသူများကိုသာ ထိခိုက်မှုရှိစေမည် ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီဥက္ကဌ ဦးဝင်းအောင်က ပြောကြားသည်။

“ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်တွေလိုလားတဲ့ စက်မှုဇုန်မြေဈေးလျှော့ချနိုင်ဖို့အတွက် ကျွန်တော်တို့အခုရှိနေတဲ့ တစ်ဧကကို လက်ရှိရှိနေတဲ့ စက်မှုဇုန်တွေ အနည်းဆုံး ၃ဝ ကနေ ၄ဝ ရာနှုန်းအထိ လျှော့ချဖို့ စီစဉ်ထားတယ်။ တင်ပြချင်တာကတော့ လုံးဝနစ်နာမှု မရှိနိုင်ပါဘူး။ မြေတွေက ဈေးကျကျ မကျကျ ကိုယ်သုံးနေတာပဲ။ ဘယ်သူတွေ ထိခိုက်နိုင်လဲဆိုတော့ စီးပွားဖြစ်လုပ်နေတဲ့သူတွေ အတွက်တော့ ထိခိုက်နိုင်တယ်။
ဒါကသူတို့ရဲ့အကြောင်းတရားပေါ့။ စက်မှုဇုန်မြေဈေးတွေ လျော့ကျသွားတယ်ဆိုရင် လုပ်ငန်းလုပ်တဲ့သူတွေအတွက် အကျိုးရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီမှ ရှယ်ယာများကို မတ် ၃ ရက်တွင် ရှယ်ယာတစ်စုလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ရန်ကုန်၊ မန္တလေးရှိ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ သမဝါယမဘဏ်၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ် စသည့်ဘဏ်ခွဲပေါင်း ၁၈၂ ခုနှင့် ချိတ်ဆက်ကာ မည်သူ့ကိုမဆို ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဦးဝင်းအောင်က ဆက်လက်၍ “ဒါကြောင့် စက်မှုဇုန်တွေ ဖော်ဆောင်တဲ့အခါမှာ ဒီလိုပဲ ဈေးနှုန်းကို သင့်လျော်တဲ့ဈေး နှုန်းနဲ့  ဖော်ဆောင်သင့်ပါတယ်။ လက်ရှိနေတဲ့ စက်မှုဇုန်တွေရဲ့ အင်္ဂါရပ်တွေကို တိုးတက်အောင် လုပ်လို့ရပါတယ်။ စက်မှုဇုန်ဥက္ကဌ တွေအနေနဲ့ လက်ရှိစက်မှုဇုန်တွေကို တိုးတက်အောင်လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ အကောင်အထည်ဖော်ပြီး စက်မှုဇုန်များမှာ ဈေးနှုန်းကွာခြားမှုများ ရှိနေပြီး လှိုင်သာယာစက်မှုဇုန်မှာ ဈေးနှုန်းအမြင့်ဆုံးဖြစ်နေကာ ဖွံ့ဖြိုးမှု အတော်အတန်ရှိနေသော ရွှေလင်ဗန်းစက်မှုဇုန်မှာ တစ်ဧကလျှင် သိန်း ၂၅ဝဝ နှင့် ၃ဝဝဝ ကြား ပေါက်ဈေးရှိပြီး သီလဝါအထူးစီးပွားရေးဇုန်၏ ပေါက်ဈေးမှာ တစ်ဧကလျှင် သိန်း ၂၅ဝဝ နှင့် ၃ဝဝဝ ကြား ရှိနေကြောင်း သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန်သည် မြန်မာဘက်က ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံဘက်က ၄၉ ရာခိုင်နှုန်း ရှယ်ယာပါဝင်ကာ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်က စတင်အကောင်အထည်ဖော်ခဲ့ပြီး မြန်မာ- ဂျပန် ပုဂ္ဂလိကနှင့် အစိုးရအဖွဲ့အစည်းတို့ ပူးပေါင်းဖွဲ့စည်းထားသော Myanmar-Japan Thilawa Development Limited မှ ရင်းနှီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
www.facebook.com/phoenixestate