အန္တရာယ်ရှိ အဆောက်အအုံများ အသစ်ပြန်ဆောက်ရာတွင် ကားပါကင် ကင်းလွတ်ခွင့် ပေးထား၍ အန္တရာယ်ရှိ အဆောက်အအုံ မဖြစ်ဖြစ်အောင် လုပ်ဆောင်နေဟု ထောက်ပြ

အိမ်၊ ခြံ၊ မြေ ဂျာနယ် အန္တရာယ်ရှိ အဆောက်အအုံများကို အသစ်ပြန်လည် ဆောက်လုပ်ခြင်းအတွက် ကားပါကင် ထည့်သွင်းရန် ကင်းလွတ်ခွင့် ပေးထားသောကြောင့် အန္တရာယ်ရှိ အဆောက်အအုံ မဖြစ်ဖြစ်အောင် လုပ်ဆောင်ကာ ပြန်လည်လျှောက်ထား လာကြကြောင်း ဒီဇင်ဘာ ၃ ရက်က ရန်ကုန်မြို့တော် ခန်းမတွင် ပြုလုပ်သည့် "ရန်ကုန်မြို့၏ မြို့နယ်အလိုက် အဆိုပြုမြေ အသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်မှုဇုန်များ အများပြည်သူ ဆွေးနွေးပွဲ" တွင် မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး မြို့ပြစီမံကိန်း ပညာရှင် ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။ ရန်ကုန်မြို့တွင် အန­္တရာယ်ရှိ အဆောက်အအုံများ ရှိနေပြီး အမှန်တကယ် အန္တရာယ်ရှိသည့် အခြေအနေ ရှိသကဲ့သို့ အန္တရာယ်မရှိသည်များလည်း ရှိကြောင်း၊ အန္တရာယ်ရှိ အဆောက်အအုံများကို ရှစ်ထပ်အထိ ဆောက်လုပ်ခွင့်ပေးပြီး အခြားသော အထပ်မြင့် အဆောက်အအုံများတွင် ထည့်သွင်းရသည့် ကားပါကင်အား အန္တရာယ်ရှိ အဆောက်အအုံအား ပြန်လည်ဆောက်လုပ်ရာတွင် ကင်းလွတ်ခွင့် ပေးထားသောကြောင်း ယင်းကိုအခွင့်ကောင်းယူကာ အန္တရာယ်ရှိ အဆောက်အအုံ မဖြစ်ဖြစ်အောင် ပြုလုပ်ကြခြင်းဖြစ်ကြောင်း ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် မြို့တော်စည်ပင်မှ သတ်မှတ်ခံရစေရန် လာဘ်ပေးလာဘ်ယူ ပြုလုပ်ပြီး ကြိုးပမ်းလာမည်ကို ပြည်သူများမှ စိုးရိမ် . . . . . "အန္တရာယ် မရှိတာကို ရှိအောင်လုပ်နေကြတာ ဖြစ်ပါတယ်။ အန္တရာယ်ရှိဆိုရင် သူများနဲ့ မတူတဲ့ အခွင့်အရေးကို ရတဲ့အတွက်ကြောင့် အခုလိုမျိုး လုပ်နေကြတယ်" ဟု ဒေါ်လှိုင်မော်ဦးက ဆိုသည်။ ရန်ကုန်မြို့တွင် အန္တရာယ်ရှိ အဆောက်အအုံများကို ၁၉၉၄ ခုနှစ်မှ စတင်သတ်မှတ် ခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်မှ စတင်၍ ယခုအချိန်အထိ အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော အဆောက်အအုံ ၁၀၀၀ ကျော်ရှိပြီး ယင်းအထဲတွင် အသစ်ပြန်လည် ဆောက်လုပ်နိုင်ခြင်း မရှိသေးသည့် အဆောက်အအုံ ၁၀၀ ကျော် ရှိနေကြောင်း၊ ထိုသို့ မပြီးစီးသေး၍ ပြင်ပတွင် ငှားရမ်းနေထိုင်ရသည့် မူလနေထိုင်သူများမှာ အခက်အခဲများ တွေ့နေရကြောင်း သိရှိရသည်။ ရန်ကုန်မြို့တော်တွင် လေးထပ်နှင့်အထက် အဆောက်အအုံ ဆောက်လုပ်မည် ဆိုပါက ပါဝင်သည့် အခန်းအရေအတွက်အတိုင်း ကားပါကင်အတွက် နေရာထားရှိ ရမည်ဟု မြို့တော်စည်ပင်မှ သတ်မှတ်ထားသည်။ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခံခဲ့ရလျှင် ကားပါကင်အတွက် နေရာထည့်သွင်းရန် မလိုတော့သောကြောင့် ကန်ထရိုက်များ အနေဖြင့် အသစ်ပြန်လည် တည်ဆောက်လိုသည့် အဆောက်အအုံများကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် မြို့တော်စည်ပင်မှ သတ်မှတ်ခံရစေရန် လာဘ်ပေးလာဘ်ယူ ပြုလုပ်ပြီး ကြိုးပမ်းလာမည်ကို ပြည်သူများမှ စိုးရိမ်ပူပန်မှု ရှိနေသည်ဟု သိရသည်။

ရန်ကုန်မြို့နယ်များကို မြေအသုံးချမှုအလိုက် ဇုန်ခွဲခြား သတ်မှတ်မည်

အိမ်၊ ခြံ၊ မြေ ဂျာနယ် ရန်ကုန်မြို့တော်ကို မြို့ပြပုံစံနှင့်အညီ ဟန်ချက်ညီစွာ လည်ပတ်နိုင်ရန်နှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို ရေရှည်ရရှိနိုင်ရန်အတွက် ရန်ကုန်မြို့၏ မြို့ပြမြေအသုံးချမှုကို ဇုန်အလိုက် ခွဲခြားသတ်မှတ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (Y.C.D.C) ၏ အကြံပေးအရာရှိ ဒေါက်တာကျော်လတ်က ပြောကြားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမတွင် ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ကျင်းပခဲ့သော မြို့နယ်အလိုက် အဆိုပြုမြေ အသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်မှုဇုန်များ အများပြည်သူ ဆွေးနွေးပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားသည်။ အဆိုပါဇုန်များကို စီမံကိန်းများချကာ အဆောက်အအုံ၏ ကြမ်းခင်းဧရိယာနှင့် တည်နေရာ မြေကွက်အချိုး (FAR)၊ အဆောက်အအုံနှင့် သက်ဆိုင်သော တိုင်းတာနည်းများဖြင့် တွက်ချက်ကာ မြေအသုံးချမှု ဇုန်အမျိုးအစား ၁၁ မျိုး ခွဲခြားသတ်မှတ်ကာ ရန်ကုန်မြို့တွင်း မြို့နယ် ၆ ခုအပါအဝင် မြို့နယ် ၁၈ ခုတွင် ဇုန်အမျိုးအစား သတ်မှတ်မည်ဖြစ်ကြောင်း ဒေါက်တာကျော်လတ်က ဆက်လက် ပြောကြားသည်။ သို့သော် ၄င်းအနေနှင့် အချိန်ကာလ အတိအကျကိုမူ ထည့်သွင်းပြောကြားခြင်း မရှိပေ။ မြို့ပြမြေ အသုံးချမှုဇုန်များကို ဆိပ်ငြိမ်ရပ်ကွက် (သို့မဟုတ်) လူနေသိပ်သည်းမှု နည်းသော လူနေရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှု အသင့်အတင့်ရှိသော လူနေရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှု များသော လူနေရပ်ကွက်ဇုန်၊ မြို့ပြအသုံးချမှု မျိုးစုံပါဝင်သောဇုန်၊ ကုန်သွယ်မှုနှင့် စီးပွားရေးဇုန်၊ စက်မှုနှင့် ကုန်လှောင်ရုံများဇုန်၊ ဆိပ်ကမ်းနှင့် ဆိပ်ကမ်းဆက်စပ် ဝန်ဆောင်မှုဇုန်၊ စိမ်းလန်းမြေနှင့် ရေပြင်ဇုန်၊ အစိုးရ အဖွဲ့အစည်းနှင့် အခြေခံအဆောက် အအုံများဇုန်၊ မြို့ပြအမွေအနှစ်များ ထိန်းသိမ်းမှုဇုန်နှင့် ကမ်းနားအထူးဖွံ့ဖြိုးရေးဇုန်များ ခွဲခြားသတ်မှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) ထံမှ သိရှိရသည်။ ဇုန်အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ရာတွင် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ဖြစ်သော ကျောက်တံတား၊ ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ၊ ပုဇွန်တောင်မြို့နယ်များ အပါအဝင် အလုံ၊ ဗဟန်း၊ ဒဂုံ၊ လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ မင်္ဂလာတောင်ညွန့်၊ ဆိပ်ကမ်း၊ တာမွေနှင့် ရန်ကင်းမြို့နယ်များတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း YCDC ၏ ထုတ်ပြန်ချက်အရ သိရသည်။ အိမ်၊ ခြံ၊ မြေဈေး မြင့်မားနေပြီး လူဦးရေသိပ်သည်းဆ များလာသော ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံများ သီးသန့်ဆောက်လုပ်ရန် ဇုန်တစ်ခု သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ မြို့ပြစီမံကိန်း ရေးဆွဲပညာရှင် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှူးကြီး ဒေါ်လှိုင်မော်ဦး (ဗိသုကာ) က ပြောသည်။ အဆိုပါစီမံကိန်း စတင်လုပ်ဆောင်ရန်အတွက် ပညာရှင်များနှင့် အများပြည်သူတို့၏ အကြံဥာဏ် တောင်းခံသွားမည်ဖြစ်ပြီး အများပြည်သူ သဘောထား ရယူပြီးပါက လွှတ်တော်သို့ တင်ပြကာ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

အိမ်ရာ အခက်အခဲ ရှိသူများ နေထိုင်ခွင့် ရရှိရေး ရည်ရွယ်သည့် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများဆိုင်ရာ ဥပဒေကို စတင်ရေးဆွဲ

အိမ်၊ ခြံ၊ မြေ ဂျာနယ် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အိမ်ရာအခက်အခဲ ရှိသူများ အမှန်တကယ် နေထိုင်ခွင့် ရရှိရေး ရည်ရွယ်သည့် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများဆိုင်ရာ ဥပဒေ တစ်ရပ်ကို စတင်ရေးဆွဲနေကြောင်း အဆိုပါ ဥပဒေကို ရေးဆွဲနေသူ ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။ အဆိုပါ ဥပဒေတွင် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတ အိမ်ရာများ ရောင်းချရေး ကော်မတီကို ဖွဲ့စည်းရန်၊ ရောင်းချရေး ကော်မတီတွင် ပါဝင်သည့် သူများ၏ ဆွေမျိုးသားချင်းများအား အိမ်ရာများ ၀ယ်ယူခွင့် မပေးရန်၊ မည်သည့်လူမျိုးများ အိမ်ရာဝယ်ယူခွင့် သတ်မှတ်ပေးရန် စသည့်အသေးစိတ် အချက်အလက်များ ထည့်သွင်းရေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းဥပဒေ ရေးဆွဲရာတွင် လိုအပ်သည့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အိမ်ခန်းများ ချထားပေးခြင်းဆိုင်ရာ စည်းကမ်းချက်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ တောင်းခံထားကြောင်း၊ ယင်းဥပဒေ ရေးဆွဲပြီးပါက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ "ဥပဒေနဲ့ ပတ်သက်တဲ့ အိမ်ခန်းချထားပေးခြင်းဆိုင်ရာ စည်းကမ်းချက်တွေကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေဆီက အန်တီတောင်းထားတယ်။ သူတို့ကလည်း အထက်လူကြီးတွေဆီက သဘောထားမှတ်ချက် တောင်းထားတယ်လို့ ပြောတယ်။ အဲဒီ အချက်အလက်တွေ ရရင်တော့ အန်တီဥပဒေကို မြန်မြန်ရေးဆွဲနိုင်မှာ ဖြစ်ပါတယ်။ အန်တီတို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနကနေ ဥပဒေအရ အချက်အလက်တွေ ရယူပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ အခုဟာက အထက်က သဘောထား တောင်းခံနေတယ် ဆိုတော့လည်း စောင့်ရမှာပေါ့။ ဥပဒေ ဆွဲပြီးရင် လွှတ်တော်ကို တင်မယ်။ တစ်ခု စိုးရိမ်တာက လွှတ်တော်ကိုတင်မှ သက်ဆိုင်ရာ ၀န်ကြီးဌာနက သူတို့ရေးဆွဲ ထားပါတယ်လို့ ပြောတော့လည်း မတတ်နိုင်ဘူးပေါ့။ ဘယ်သူပဲဆွဲဆွဲ ဒီဥပဒေ ထွက်လာရင်တော့ ၀မ်းသာရမှာပေါ့" ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ယခင်တဲပေါ်မှ တိုက်ပေါ်တင် စီမံချက်ဖြင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများက အိမ်ရာ စီမံကိန်းများကို အကောင်အထည် ဖော်ခဲ့သော်လည်း ယခုနောက်ပိုင်း အကောင်အထည် ဖော်နိုင်ခြင်း မရှိတော့ကြောင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့ နယ်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက တည်ဆောက်လျက်ရှိသော ဧရာဝဏ်နှင့် ရတနာ စီမံကိန်းများကိုလည်း ၂၀၁၅ မတိုင်မီ အပြီးတည်ဆောက်မည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ကျပ်သိန်း ၁၀၀ နှင့် ၂၀၀ အကြား ရှိနိုင်ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်မှ ဒဂုံမြို့သစ်မြောက်ပိုင်း ၄၈ ရပ်ကွက်နှင့် ၄၂ ရပ်ကွက်တို့တွင် တည်ဆောက်နေသည့် ဗိုလ်မင်းရောင် တန်ဖိုးမျှအိမ်ရာ စီမံကိန်းများကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရောင်းချပေးမည်ဖြစ်ရာ တန်ဖိုးအနည်းဆုံး ကျပ်သိန်း ၂၀၀ ကျော် ရှိနိုင်ကြောင်း ခန့်မှန်းထားရာ အခြေခံ လူတန်းစားများ ၀ယ်ယူနိုင်မည့် အနေအထား မရှိနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ "အခု အကောင်အထည် ဖော်နေတဲ့ တန်ဖိုးနည်းနဲ့ တန်ဖိုးမျှတဆိုတဲ့ အိမ်ရာစီမံကိန်းတွေကလည်း အစိုးရ အဖွဲ့ရဲ့ ရန်ပုံငွေနဲ့ ဆောက်တာဖြစ်လို့ သူတို့ပြောနေကြတဲ့ ဈေးနှုန်းတွေကိုတော့ ပြင်ဆင်ဖို့ ခက်ပါတယ်။ ဒါပေမဲ့ အဲဒီ အိမ်ရာတွေကို အသက်သာဆုံး နည်းလမ်းနဲ့ ၀ယ်ယူခွင့် ရရှိဖို့ပဲ လုပ်ရမှာပါ" ဟု ဒေါက်တာညိုညိုသင်းက ဆက်လက်ပြောကြားသည်။

ကျပ်သိန်းတစ်သောင်းကျော် ကုန်ကျသော အောင်မင်္ဂလာ တိုးချဲ့ယာဉ်ရပ်နားစခန်းသစ် ၂၀၁၄ ဇန်နဝါရီ ဖွင့်မည်

အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်း ဝင်းအတွင်းရှိ ယာဉ်ရပ်နားမှု အခက်အခဲကို ဖြေရှင်းနိုင်စေရန် ဆောက်လုပ်လျက်ရှိသော တိုးချဲ့ယာဉ်ရပ်နားစခန်း ဝင်းအသစ်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အဆိုပါ အဝေးပြေးဝင်းအတွင်းရှိ အခွန်ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဥာဏ်ထွန်းအောင်က ပြောကြားသည်။ ကျပ်သိန်းပေါင်း တစ်ထောင်ကျော် အကုန်အကျခံကာ အကျိုးတူ တည်ဆောက်နေသော ယင်းယာဉ်ရပ်နားစခန်းဝင်း တည်ဆောက်မှုသည် ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ပြီး ကျန်တစ်လအတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ “ကားဝင်းထဲက အဆောက်အအုံ တော်တော်များများက ပြီးနေပြီ။ မိတ္ထီလာလမ်းနဲ့ ပခုက္ကူလမ်းနှစ်လမ်းပဲ ကျန်တော့တယ်” ဟု ၄င်းက ဆိုသည်။ တိုးချဲ့ကားဝင်းကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်းအတွင်း ယာဉ်ရပ်နားစရာ ရှားပါးခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါ ကားဝင်းအတွင်း ၂၄ ပေx ၃၆ ပေ ကျယ်ဝန်းသည့် ယာဉ်ရပ်နားဂိတ်ခန်း ၂၀ နှင့် ၁၂ ပေx ၃၆ ပေ ကျယ်ဝန်းသည့် ဈေးဆိုင်ခန်း ခြောက်ခန်း ပါဝင်မည်ဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလအတွင်း အပြီးသတ်နိုင်မည် ဖြစ်ကြောင်း အဆိုပါ ယာဉ်ရပ်နားစခန်းဝင်းကို တာဝန်ယူ တည်ဆောက်လျက်ရှိသည့် ဟန်မြင့်မိုရ်ကုမ္ပဏီထံမှ သိရသည်။ အဆိုပါ ယာဉ်ရပ်နားစခန်းဝင်းမှာ နှစ်ဧကကျော် ကျယ်ဝန်းပြီး ယခင် ကန်စွန်းခင်းကို မြေပြန်လည်ဖို့၍ တည်ဆောက်ခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ယာယီရပ်ဆိုင်း

ထားဝယ် အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်း၏ ဆောက်လုပ် ပြီးစီးမှုနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို တွက်ချက် စစ်ဆေးနိုင်ရန်အတွက် တည်ဆောက်ရေး လုပ်ငန်းများကို ခေတ္တ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် စီမံကိန်းများ ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ ညှိနှိုင်းရေးဆွဲရေး ကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။ ထားဝယ် အထူးစီးပွားရေးဇုန်၏ ကနဦး စီမံကိန်းကို အမြန်ဆုံး တည်ဆောက် ပြီးစီးနိုင်ရန် ယင်းစီမံကိန်းကို စတင်ရင်းနှီး တည်ဆောက်သူ အီတာလျံ-ထိုင်း ကုမ္ပဏီ (ITD) တစ်ခုတည်းနှင့် မလုံလောက်တော့သည့် အတွက် နိုင်ငံတကာ ရင်းနှီး တည်ဆောက်သူများ ပါဝင်လာစေရန် လက်ရှိ ဆောက်လုပ် ပြီးစီးမှုကို Due Diligence Assessment ပြုလုပ်ရန် လိုကြောင်း ၎င်းကဆိုသည်။ “ITD က ဘယ်လောက်ထိ ဆောက်လုပ် ပြီးစီးသွားပြီ၊ ဘယ်လောက်ထိ ရင်းနှီး မြှုပ်နှံပြီးသွားပြီ ဆိုတာကို နိုင်ငံတကာ အကြံပေးလုပ်ငန်း အဖွဲ့ကြီးတွေ ငှားပြီး စစ်ဆေးဖို့ လိုပါတယ်။ ဒီလိုမှ မလုပ်ရင် တကယ့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ အကြီးကြီးတွေက ဝင်လာမှာ မဟုတ်ပါဘူး” ဟု Due Diligence Assessment လုပ်ရန်အတွက် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ ဦးဆက်အောင်က ရှင်းလင်း ပြောကြားသည်။ ITD ၏ တည်ဆောက်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားခြင်းမှာ စီမံကိန်းအတွင်းမှ ITD ကို ဖယ်ထုတ်လိုက်ခြင်း မဟုတ်ဘဲ နိုင်ငံတကာ ရင်းနှီး တည်ဆောက်သူများ ဝင်လာရန် အတွက်သာ ဖြစ်ပြီး ယင်းတို့ကို ရွေးချယ်နိုင်ရန် နိုင်ငံတကာ အကြံပေးအဖွဲ့ကို ယခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ဖိတ်ခေါ်လွှာများ ပေးပို့သွားမည် ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဟံစိန်က ပြောကြားသည်။ အဆိုပြုလွှာ များကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် လက်ခံမည် ဖြစ်ကာ ၂၀၁၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် နိုင်ငံတကာ အကြံပေးအဖွဲ့ကို ရွေးချယ်မည် ဖြစ်ပြီး ယင်းနောက် မေလ ၁ ရက်နေ့တွင် ထားဝယ် အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်းအတွက် လိုအပ်သည့် စီမံကိန်းများ၊ ရင်းနှီး တည်ဆောက်မည့် သူများကို ရွေးချယ်ကာ လုပ်ငန်း ပြီးစီးသည်အထိ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ထားဝယ် အထူးစီးပွားရေးဇုန်၏ ကနဦး စီမံကိန်းတွင် တန်ချိန် ၁၃၀၀၀ ရှိ သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းငယ်နှင့် နှစ်လမ်းသွား မြေသား ကားလမ်းတို့ ပြီးစီးပြီ ဖြစ်ကာ ယင်းမြေသားလမ်းကို ကတ္တရာလမ်း ခင်းရန် ဆောင်ရွက်လျက် ရှိကြောင်း ၎င်းကဆိုသည်။ ကနဦး စီမံကိန်းကို မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရက အမြန်ဆုံး ပြီးစေလိုသော်လည်း ITD ကုမ္ပဏီက ဆက်လုပ်ရန် မလွယ်ကူတော့ကြောင်းနှင့် တခြားသော ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ရန် ပြောသည့် အတွက် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ ခေတ္တရပ်ကာ Due Diligence Assessment လုပ်ရခြင်း ဖြစ်ကြောင်း ဦးဆက်အောင်က ပြောကြားသည်။ Due Diligence Assessment ဆိုသည်မှာ လက်ရှိ အနေအထားအထိ ကုန်ကျသည့် ရင်းနှီးမြှုပ်နှံငွေနှင့် လုပ်ငန်းများကို စစ်ဆေးခြင်း ဖြစ်ပြီး ယင်းကို ITD က လက်ခံရမည် ဖြစ်ကြောင်း ဦးဆက်အောင်က ပြောကြားသည်။ ITD ကို ရင်းနှီးမြှုပ်နှံမှုနှင့် အတိုးနှုန်းအတွက် ဘတ်သန်း ၆၀၀၀ ပေးလျော်ရန် သဘောတူထားကြောင်း ထိုင်းနိုင်ငံ အခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသော်လည်း ယင်းနှုန်းထားမှာ အတည် မဟုတ်သေးကြောင်း ဦးဆက်အောင်က ဆိုသည်။ ထိုင်းအလုပ်သမားများမှာ ပြည်တော်ပြန်နေပြီး စက်ယန္တရားများကိုမူ ဝင်ရောက် လာစဉ်က အခွန်မဆောင်ခဲ့သည့်အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည် ထုတ်ယူခွင့် မပြုသေးကြောင်း ထားဝယ် စီမံကိန်း ရပ်ရွာဒေသ လူ့အဖွဲ့အစည်းများ ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဘုန်းဆွေက ပြောကြားသည်။ စီမံကိန်းကြောင့် အလုပ်နားလိုက်ရသည့်အတွက် အလုပ်သမား အချို့ကို အလုပ်ဆင်းစရာ မလိုဘဲ လစာပေးထားရပြီး သတ်မှတ်ချိန် ရောက်ပါက နစ်နာကြေး ပေး၍ အလုပ်ဖြုတ်ဖွယ် ရှိကြောင်း ထားဝယ် စီမံကိန်း အလုပ်သမားများထံမှ သိရသည်။ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် စီမံကိန်းများ တည်ဆောက်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမြင့်ကမူ နောက်လာမည့် ရင်းနှီးမြှုပ်နှံသူက အလုပ်သမားများကို အလုပ်ဆက်ခန့်မည် ဖြစ် ကြောင်း ပြောဆိုသည်။ ယင်းကနဦး စီမံကိန်း တည်ဆောက်ရေးအတွက် ITD ကုမ္ပဏီ၊ ဂျပန် Consortium အဖွဲ့နှင့် ဂျပန်မဟုတ်သော တခြားကုမ္ပဏီတို့ ပါဝင်လာနိုင်ပြီး လတ်တလောတွင် မည်သည့် ပုံစံနှင့် ဆောင်ရွက်မည်ကို ဆွေးနွေးဆဲသာ ဖြစ်ကြောင်း ဦးဆက်အောင်က ဆိုသည်။ ITD ကုမ္ပဏီ ဖြစ်စေ၊ ဂျပန်ကုမ္ပဏီ ဖြစ်စေ ယင်းကနဦး စီမံကိန်းတွင် လုပ်ကိုင်ခွင့်ရပါက ပြည်တွင်း ကုမ္ပဏီများသည်လည်း sub-contractor အနေနှင့် ပါဝင်လာနိုင်မည် ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေး တည်ဆောက်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမြင့်က ပြောကြားသည်။ ပထမအဆင့် ကနဦး စီမံကိန်းများကို ၂၀၁၄ မေလ ၁၅ ရက်နေ့တွင် လုပ်ငန်းများ စတင်မည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ ထားဝယ် အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်းများ (Phase 1) ၁။ နှစ်လမ်းသွား ကားလမ်း ၂။ ဆိပ်ကမ်းငယ် ၃။ ကနဦးစက်မှုဇုန် ၄။ ကနဦး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၅။ ကနဦး လူနေအဆောက်အအုံများနှင့် မြို့ပြ စီမံကိန်း ၆။ ကနဦး ရေပေးဝေရေး စီမံကိန်း ၇။ ဆက်သွယ်ရေးလိုင်း။ The Voice

ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ ပထမဆုံး ဖွင့်လှစ်မည့် VINTAGE LUXURY ရေပေါ်ဟိုတယ်သစ်အား ဇန်န၀ါရီလတွင် ဖွင့်လှစ်မည်

ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ ပထမဆုံး ဖွင့်လှစ်မည့် VINTAGE LUXURY ရေပေါ်ဟိုတယ်သစ်အား လာမည့်ဇန်န၀ါရီ လကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ "သင်္ဘောအပြင်ပိုင်း ပြင်ဆင်မှုတွေ ပြုလုပ်ပြီးပါပြီ။ ဟိုတယ်အတွင်းပိုင်း ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ဇန်န၀ါရီ လကုန်ပိုင်းလောက်မှာ ရေပေါ်ဟိုတယ်ကို ဖွင့်လှစ်နိုင်မှာပါ" ဟု လှလှပပ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ လက်ရှိတွင် ဗိုလ်တထောင် ဆိပ်ကမ်း၌ ရေပေါ်ဟိုတယ် သင်္ဘောဆိုက်ကပ်မည့် ဆိပ်ခံတံတား နှစ်စီးအား တည်ဆောက်နေပြီး၊ မကြာခင် အချိန်တွင် ပြီးစီးတော့မည်ဟု သိရသည်။ ဗိုလ်တထောင် ဆိပ်ကမ်းအား မြစ်လယ်သို့ မြေဖို့ပြီး ဆိပ်ကမ်းမြေနေရာ တိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာအဖြစ် တိုးချဲ့တည်ဆောက်ရန် ဆိပ်ကမ်းအမှတ် ၃ ဘောတံတားမှ အမှတ် ၁ ကုန်းတွင်း ကုန်သေတ္တာစင်ထိပ်ထိ ကမ်းနားတစ်လျှောက် ရေကာတံတိုင်း ဆောက်လုပ်၍ မြေဖို့ပြီး မြေနေရာ တိုးချဲ့ခြင်းများ ပြုလုပ်ရန် ၂၀၁၂ ဇူလိုင်လအတွင်း သတ်မှတ်ခဲ့သည်။ အဆိုပါ ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ လှလှပပ ကုမ္ပဏီ လိမီတက်က ရေပေါ်ဟိုတယ် တည်ဆောက်ရေး စီမံကိန်းအား စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လှလှပပ ကုမ္ပဏီမှ ရေပေါ်ဟိုတယ် ဖွင့်လှစ်ရန် ဖင်လန်နိုင်ငံမှ တန်ချိန်နှစ်ထောင်ကျော်ရှိသည့် စက်မဲ့သင်္ဘော တစ်စီးအား ၀ယ်ယူခဲ့ကြောင်း သိရသည်။ ယင်းသင်္ဘောသည် သြဂုတ် ၁၈ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိပြီး၊ ယင်းသင်္ဘောအား ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို မြန်မာ့သင်္ဘောကျင်းရှိ ၁၂၀၀၀ ရေလုံ သင်္ဘောကျင်းတွင် ဆောင်ရွက်ခဲ့သည်။ အဆိုပါ စက်မဲ့သင်္ဘောသည် အလျား ၁၀၆ မီတာ၊ အကျယ်အ၀န်း ၁၈.၄ မီတာ၊ ရေစူး ၂ မီတာနှင့် တန်ချိန်နှစ်ထောင်ကျော် ရှိကြောင်း သိရသည်။ သင်္ဘောအား ပြုပြင်ခြင်း လုပ်ငန်းများကို စက်တင်ဘာလမှ စတင်ကာ လုပ်ဆောင်လျက်ရှိပြီး ဇန်န၀ါရီ လကုန်ပိုင်းတွင် အပြီးသတ် ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။ ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ ပထမဆုံး ဖွင့်လှစ်မည့် လှလှပပ ကုမ္ပဏီပိုင် ရေပေါ်ဟိုတယ် သင်္ဘောတွင် နှစ်ယောက်ခန်း ၁၀၄ ခန်း ပါဝင်ပြီး၊ စားသောက်ခန်း နှစ်ခန်းနှင့် ဘားကောင်တာများ ပါမည်ဖြစ်သည်။ EMG

သိရိမင်္ဂလာ ဈေးသစ်ကြီး ကပ်လျက်တွင် တည်ဆောက်ထားသော ရွှေပိတောက် ငါးဈေးသစ်ကြီး ဒီဇင်ဘာလကုန်တွင် ဖွင့်လှစ်မည်

ရန်ကုန်မြို့ လှိုင်မြို့နယ် ပိတောက်ချောင်းရှိ သီရိမင်္ဂလာ ဈေးသစ်ကြီး ဘေးကပ်လျက်တွင် တည်ဆောက်ထားသော ရွှေပိတောက် ငါးဈေးသစ်ကြီး ဒီဇင်ဘာလကုန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှ သိရသည်။ အဆိုပါဈေးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် တောက်တွန်းကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောက်လုပ်ခြင်းဖြစ်ပြီး ဆိုင်ခန်းပေါင်း ၄၃၂ ခန်း ပါဝင်သည်ဟု သိရသည်။ ယခင် ကြည့်မြင်တိုင်မြို့နယ်ရှိ ဗဟိုစံပြ ငါးဈေးကြီးမှာ လက်ရှိဆိုင်ခန်းများ မလုံလောက်ဘဲ ကျပ်တည်းနေပြီး ၁၀ ပေပတ်လည် ဆိုင်ခန်းတစ်ခန်းကို ကျပ်သိန်း ၉၀၀ အထိ ပေါက်ဈေးရှိသည်ဟု လုပ်ငန်းရှင်များက ပြောကြားခြင်းကြောင့် ယခုကဲ့သို့ ငါးဈေးသစ်ကြီးကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး မူလဗဟို စံပြငါးဈေးကြီးကို ရွှေ့ပြောင်းခြင်း မဟုတ်ဘဲ အသစ်တည်ဆောက်သည့် ဈေးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ စုစုပေါင်းဆိုင်ခန်း ၄၃၂ ခန်းထဲမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ဆိုင်ခန်း ၂၁၆ ခန်းကို ဦးရာလူ စနစ်ဖြင့် အငှားချထား ပေးမည်ဖြစ်ပြီး ဆိုင်ခန်းတန်ဖိုးများ အနေဖြင့် ကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၂၅၀ ဟူ၍ နှစ်မျိုးခွဲခြားထားပြီး ဆိုင်ခန်းများကို လက်ငင်းစနစ်၊ ပထမအရစ် ရာခိုင်နှုန်း ၃၀ လက်ငင်းသွင်း၍ ကျန်ငွေများကို အရစ်ကျ စနစ်ဖြင့် တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်အထိ အရစ်ကျ ပေးနိုင်သည့် စနစ်ဖြင့် အငှားချထား ပေးမည်ဖြစ်ကြောင်း၊ အရစ်ကျငွေကို ဧရာဝတီဘဏ်နှင့် ချိတ်ဆက်၍ ချေးငွေစနစ်ဖြင့် ပြုလုပ်ပေးမည်ဖြစ်၍ ဘဏ်သို့ အတိုးနှုန်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ "ဆိုင်ခန်းတွေကို အငှားချထားပေးတာ ဖြစ်ပါတယ်။ ဘယ်ဈေးပဲဖြစ်ဖြစ် နေရာတိုင်းမှာ ဆိုင်ခန်းကို ၀ယ်ပြီးရင် ဆွေစဉ်မျိုးဆက် ပိုင်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ အစိုးရပိုင်ဈေးမှာ အငှားချထားခြင်းလို့ သုံးပါတယ်။ ပုဂ္ဂလိက အချင်းချင်းကတော့ ဒီဆိုင်ကို လက်လွှဲရောင်းလို့ ရတယ်။ ဒီဈေးက ထိုက်သင့်သလောက်တော့ စည်ကားလာလိမ့်မယ်လို့ ထင်တယ်။ ဆိုင်ခန်းဖွင့်တဲ့သူ တစ်ယောက်ပဲ ရှိရှိ၊ နှစ်ယောက်ပဲ ရှိရှိ ဖွင့်သွားမယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ငါးဈေးသစ်ကြီးတွင် ရေချို၊ ရေငန်၊ မွေးမြူရေး ငါးမျိုးစုံ ရောင်းချနိုင်မည်ဖြစ်ပြီး ရေရရှိရေး၊ မီးရရှိရေး၊ လမ်းကောင်းမွန်ရေး စနစ်များကိုလည်း စီစဉ်ပေးထားကြောင်း၊ အမှန်တကယ် ရောင်းချမည့် သူများကိုသာ ဆိုင်ခန်းများ အငှားချထား ပေးမည်ဖြစ်ပြီး ဆိုင်ခန်းရရှိပြီး တစ်လအတွင်း ဆိုင်ခန်းဖွင့်လှစ် ရောင်းချရမည်ဟု ထုတ်ပြန်ထားသည်။ ငါးဈေးသစ်ကြီးကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် စတင်တည်ဆောက် ခဲ့ခြင်းဖြစ်သည်။ EMG