ပန်းဆိုးတန်း-ဒလ ဆိပ်ခံတံတားသစ်နှင့် ခရီးသည် နားနေဆောင်အား တည်ဆောက်ပေးအပ်၍ နောက်ခံမြေပေါ်တွင် ၁၀ ထပ်အမြင့်ရှိ ဟိုတယ်နှင့် ရှော့ပင်းစင်တာ တည်ဆောက်ခွင့် New Downtown ကုမ္ပဏီ ရရှိ


ပန်းဆိုးတန်း-ဒလ ခရီးသည်တင် ဆိပ်ခံတံတားသစ်နှင့် ခရီးသည် နားနေဆောင်အား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ တည်ဆောက်ပေးအပ်ပြီး ပန်းဆိုးတန်းဘက်ခြမ်းရှိ နောက်ခံမြေပေါ်တွင် ၁၀ ထပ်အမြင့်ရှိ ဟိုတယ်၊ ရှော့ပင်းစင်တာနှင့် စီးပွားရေးအဆောက်အုံများ တည်ဆောက်ခွင့်အား New Down-town Development Public limited မှ ရရှိခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ပြောကြားချက်အား ဇွန် ၂၁ ရက်က နန်းသီတာဆိပ်ကမ်းတွင် ပြုလုပ်ခဲ့သည့် ပန်းဆိုးတန်း-ဒလ ကူးတို့ ခေတ်မီဆိပ်ခံဗောတံတားနှင့် အဆင့်မြင့် ခရီးသည်နားနေဆောင် တည်ဆောက်ရေး ပန္နက်တင် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ New Downtown Development Public limited ကုမ္ပဏီမှ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးအပ်သည့် (ပြန်လည်ထုတ်ယူခွင့် မရှိသည့်) မြေအသုံးချမှု ပရီမီယံကြေးအဖြစ် အမေရိကန်ဒေါ်လာ တစ်သန်းနှင့် မြေငှားရမ်းခအဖြစ် ဆောက်လုပ်မည့် အဆောက်အုံများ၏ စီးပွားဖြစ် အသုံးပြုနိုင်သော ဧရိယာ (Lettable Area) အပေါ်တွင် တစ်နှစ်လျှင် တစ်စတုရန်းမီတာအတွက် အမေရိကန်ဒေါ်လာ ၂၃ ဒေါ်လာနှုန်းဖြင့် စုစုပေါင်း ကြမ်းခင်းဧရိယာ (၇၀၄၇၀၀) စတုရန်းပေအတွက် မြေငှားရမ်းခအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၁၅၀၅၆၃၀) သန်းကို နိုင်ငံတော်သို့ ပေးသွင်းရမည်ဖြစ်သည်ဟု သိရသည်။

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နန်းသီတာ၊ ပန်းဆိုးတန်း-ဒလ ခရီးသည်တင် ဆိပ်ခံတံတား အဆင့်မြှင့် ပြုပြင်တည်ဆောက်ခြင်းနှင့် နောက်ခံမြေပေါ်တွင် ခေတ်မီစီးပွားရေးဆိုင်ရာ အဆောက်အုံများ တည်ဆောက်ခြင်း စီမံကိန်း တင်ဒါခေါ်ယူခဲ့ရာ တင်ဒါစည်းကမ်းချက်များနှင့် ကိုက်ညီသော New Downtown Development Public limited အား ပို့ဆောင်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးမှ အတည်ပြု ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

နန်းသီတာပန်းဆိုးတန်း-ဒလ စီမံကိန်းအတွက် New Downtown Development Public limited မှ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပန်းဆိုးတန်း-ဒလ ခရီးသည်တင် ဆိပ်ခံတံတားသစ်နှင့် ခရီးသည်နားနေဆောင်အား တည်ဆောက်ပေးအပ်မည်ဖြစ်ကာ နောက်ခံမြေပေါ်တွင် ၁၀ ထပ်အမြင့်ရှိ ဟိုတယ်၊ ရှော့ပင်းစင်တာနှင့် စီးပွားရေး အဆောက်အုံများအား နှစ် ၅၀ BOT စနစ်ဖြင့် တည်ဆောက်ခွင့် ရရှိမည်ဖြစ်သည်။

EMG
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate