ရန်ကုန်တိုင်းဒေသကြီး၌ ၀န်ကြီးဌာနများမှ အကောင်အထည်ဖော်မည့် တန်ဖိုးနည်း တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများစွာ ရှိနေပြီး ပွင့်လင်းမြင်သာစွာ ရောင်းချပေးမည်ဟု ဆို



ရန်ကုန်တိုင်းဒေသကြီးအတွင်း ၀န်ကြီးဌာန အသီးသီးမှ အကောင်အထည်ဖော်မည့် တန်ဖိုးနည်း တန်ဖိုးမျှတအိမ်ရာ စီမံကိန်း များစွာရှိနေပြီး ယင်းအိမ်ရာများကို အများပြည်သူသို့ ပွင့်လင်းမြင်သာမှုရှိစွာ ရောင်းချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ၀န်ကြီးဌာန အချို့မှ အကောင်အထည်ဖော်မည့် တန်ဖိုးနည်း၊ တန်ဖိုးမျှတ စီမံကိန်းများရှိနေရာ ယင်းစီမံကိန်းများမှ အိမ်ခန်းပေါင်းများစွာ ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ ယင်းအိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲခွင့် ရရှိမည်ဖြစ်ရာ အဆိုပါ အိမ်ခန်းမျာကို ယခု ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာများကို မဲနှိုက်ရောင်းချပေးသကဲ့သို့ အများပြည်သူ ရှေ့မှောက်တွင် မဲနှိုက်ရွေးချယ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“၀န်ကြီးဌာနကတွေ လုပ်ဖို့စီစဉ်နေတဲ့ တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းတွေ အများကြီး ရှိပါတယ်။ အဲဒီစီမံကိန်းတွေက အိမ်ရာတွေကို အများပြည်သူရှေ့မှောက်မှာ ပွင့်လင်းမြင်သာစွာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုလက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးကြပ်ဆောက်လုပ်နေသည့် အိမ်ခန်းပေါင်း ၄၀၀ ကျော်စီ ပါဝင်သည့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက်ရှိ ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာနှင့် ၄၂ ရပ်ကွက်ရှိ ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာများရှိ အခန်းများကို အငြိမ်းစားဝန်ထမ်း၊ အများပြည်သူ၊ ကုမ္ပဏီနှင့် အသင်းအဖွဲ့များ စသည်ဖြင့် အသုတ်များခွဲ၍ မဲနှိုက်ပေးခဲ့ပြီးဖြစ်ပြီး ကျန်ရှိနေသူများကိုလည်း ဆက်လက်မဲနှိုက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများမှ အခန်းများမှာ အနည်းဆုံး ကျပ် ၂၃၇ သိန်းအထိ ရှိသော်လည်း ယင်းတိုက်ခန်း အိမ်ရာများကို ၀ယ်ယူလိုကြောင်း လျှောက်ထားသူ များပြားခဲ့သည်ဟု ဆိုသည်။

အိမ်ရာဈေးနှုန်းများ ကြီးမြင့်မှုကြောင့် ၀င်ငွေနည်း အခြေခံလူတန်းစားများအတွက် ၀င်ငွေအဆင့်အတန်းနှင့် လျော်ညီသည့် အိမ်ရာများကို အများအပြား ဖော်ဆောင်ပေးမည်ဟု ဆိုထားသော်လည်း လက်ရှိရန်ကုန်မြို့မှ တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာများ စီမံကိန်းများမှာ အခြေခံလူတန်စားပြည်သူများနှင့် များစွာဝေးကွာနေသေးကြောင်း သိရသည်။

လက်ငင်းငွေချေးစနစ်အပြင် အရစ်ကျဖြင့် ၀ယ်ယူခွင့်ရရှိသည့် ဈေးနှုန်းမျာမှာလည်း ဘဏ်တိုးထည့်သွင်းထား၍ များပြားနေကြောင်း၊ တစ်လလျှင် ကျပ်လေး၊ ငါးသောင်းကို နှစ်ရှည် နှစ် ၃၀ အထိသွင်း၍ ရောင်းချပေးမည့် စီမံကိန်းများ လုပ်ဆောင်ပေးရန် လိုအပ်နေသည်ဟု ထောက်ပြမှုများလည်း ရှိနေသည်။

Eleven Media

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate