သီလ၀ါ အထူးစီးပွားရေးဇုန် မြေဈေးနှုန်းအား ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကာ မများလွန်း၊ မနည်းလွန်းသည့်ဈေး သတ်မှတ်ရန် ဂျပန်အစိုးရနှင့် MJTD Developer က တစ်စတုရန်းမီတာလျှင် ဒေါ်လာ ၆၅-၇၀ နှုန်းသတ်မှတ်ရန် အဆိုပြုထား



သီလဝါ အထူးစီးပွားရေးဇုန် မြေဈေးနှုန်းအား ဒေသတွင်းအခြား နိုင်ငံများနှင့် နှိုင်းယှဉ်ကာ မများလွန်း၊ မနည်းလွန်းသည့်ဈေးနှုန်း သတ်မှတ်နိုင်ရန် ဂျပန်နိုင်ငံ အစိုးရနှင့် MJTD Developer က တစ်စတုရန်းမီတာလျှင် ဒေါ်လာ ၆၅-၇ဝ နှုန်း သတ်မှတ်ရန် အဆိုပြုထားကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီမှ ဇွန် ၂၉ ရက်က သတင်းရရှိသည်။

သီလဝါ အထူးစီးပွားရေးဇုန်တွင် ဝင်ရောက်မြှုပ်နှံမည့် Developer အတွက် မြေငှားခနှုန်းထားအား ၅ ဒေါ်လာ/စကွဲယား မီတာနှုန်းဖြင့် နိုင်ငံတော်မှ သတ်မှတ်ထားပြီး Developer မှတစ်ဆင့် Invester ထံသို့ ထပ်ဆင့်မြေငှားခနှင့် ပတ်သက်၍ တင်ပြမည်ဖြစ်သည်။ Developer အနေဖြင့် အစိုးရထံမှ မြေငှားခနှင့် တည်ဆောက်မှုစရိတ်ပေါင်း ၃၇ ဒသမ ၆ ဒေါ်လာ/စကွဲယားမီတာ ရှိနေသဖြင့် သီလဝါ အထူးစီးပွားရေးဇုန် မြေဈေးနှုန်းအား ဒေသတွင်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ကာ မများလွန်း၊ မနည်းလွန်းသည့်ဈေးနှုန်း သတ်မှတ်နိုင်ရန် ဂျပန်နိုင်ငံ အစိုးရနှင့် MJTD Developer က တစ်စတုရန်းမီတာလျှင် ဒေါ်လာ ၆၅-၇ဝ နှုန်း သတ်မှတ်ရန် အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီမှ သတင်းရရှိသည်။

သီလဝါ အထူးစီးပွားရေးဇုန်နှင့် အနီးပတ်လည်တွင် လက်ရှိပြင်ပ ပေါက်ဈေးနှုန်းမှာ တစ်ဧကလျှင် အနိမ့်ဆုံး ကျပ်သိန်း ၃ဝဝဝ ကျော်အထိ ရှိနေပြီး ရန်ကုန်မြို့ရှိ အအောင်မြင်ဆုံး စက်မှုဇုန်များဖြစ်သည့် လှိုင်သာယာစက်မှုဇုန်တွင် မြေတစ်ဧကလျှင် ကျပ်သိန်းတစ်သောင်းခန့်အထိ ခေါ်ဈေးရှိနေသည်။ အမေရိကန်နိုင်ငံ နယူးယောမြို့နှင့် ဂျပန်နိုင်ငံ တိုကျိုမြို့၏ မြို့လယ်မြေဈေးနှုန်းများထက် ပိုမိုကြီးမြင့်နေသည့် ရန်ကုန်မြို့၏ မြေတစ်ပေပတ်လည် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက သီလဝါ အထူးစီးပွားရေးဇုန်အတွက် လက်တလော အဆိုပြုထားသည့် ဈေးနှုန်းမှာ သင့်လျော်သော နှုန်းထားဖြစ်နေကြောင်း သိရသည်။

ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု များပြားနေသည့် သီလဝါ အထူးစီးပွားရေးဇုန်တွင် ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေး ဇုန်များကို သီးခြားစီခွဲခြားထားသည့် ပုံစံဖြင့် တည်ဆောက်မည်မဟုတ်ဘဲ ရောထွေးတည်ရှိသည့် ပုံစံဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန် အားလုံးနှင့် သက်ဆိုင်ပြီး နိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအား ဝင်ငွေခွန်ကင်းလွတ်ခွင့် အမြင့်ဆုံး ခုနစ်နှစ်နှင့် ရင်းနှီးတည်ဆောက်သူများအား ဝင်ငွေခွန် ရှစ်နှစ်အထိ ကင်းလွတ်ခွင့်ပေးထားသည့် အချက်များ ပါဝင်သော မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအား ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက် နေ့စွဲဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများတွင် ဇန်နဝါရီ ၂၅ ရက်က ဖော်ပြခဲ့သည်။

အဆိုပါ ဥပဒေအရ အထူးစီးပွားရေး ဇုန်များတွင် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ကင်းလွတ်ဇုန်အတွင်း လုပ်ကိုင်ပါက စီးပွားဖြစ် လည်ပတ်သည့် ပထမနေ့မှ ဝင်ငွေခွန် ခုနစ်နှစ်အထိ ကင်းလွတ်ခြင်း၊ ရင်းနှီးတည်ဆောက်သူများအတွက် ရှစ်နှစ်အထိ ကင်းလွတ်ခွင့်ပြုခြင်း၊ လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်း ဆိုပါက ဒုတိယငါးနှစ်အတွက် ဝင်ငွေခွန် ရာခိုင်နှုန်း ၅ဝ သက်သာခြင်းနှင့် ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေး ဇုန်များတွင် အမြတ်ငွေကို ပြန်လည်ရင်းနှီးမြှုပ်နှံရန် သီးသန့်ရန်ပုံငွေထား၍ တစ်နှစ်အတွင်း ပြန်လည်မြှုပ်နှံပါက မြှုပ်နှံသည့် မြတ်စွန်းငွေအပေါ် ရာခိုင်နှုန်း ၅ဝ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုကြောင်း အခန်း ၈ ပုဒ်မ ၃၂ တွင် ပြဌာန်းထားသည်။

Eleven Media

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate