ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြေဧက ၇၀ ခန့်တွင် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် အဆောက်အအုံ စီမံကိန်း လုပ်ငန်းများကို အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြေဧက ၇၀ ခန့်တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ မြို့ပြအိမ်ရာ စီမံကိန်း၊ ယာဉ်ရပ်နားစခန်းနှင့် မြို့ပြအိမ်ရာ စီမံကိန်း၊ အဆင့်မြင့်ယာဉ်ရပ်နားရန် အဆောက်အအုံ စီမံကိန်းများကို ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး တင်ဒါခေါ်ယူရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တင်ဒါထုတ်ပြန်ချက်အရ မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံရှိ မြေဧက ၁၀ ဒသမ ၉၃ ဧက၊ ဒဂုံမြို့သစ်မြောက်ပိုင်း ရာဇဓိရာဇ်လမ်းရှိ မြေဧက ၄၀ ဒသမ ၄၉၃ ဧက၊ ကြည့်မြင်တိုင်ဈေးကြီးလမ်းရှိ ၀ ဒသမ ၃၆၄ ဧက စသည့်မြေနေရာများတွင် မြို့ပြအိမ်ရာစီမံကိန်း လုပ်ငန်းများကို အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒဂုံမြို့သစ်အရှေ့ပိုင်း မင်းရဲကျော်စွာလမ်းရှိ မြေ ၁၁ ဧကတွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်း လုပ်ငန်းဆောင်ရွက်ရန်၊ ဗိုလ်တစ်ထောင်မြို့နယ်အတွင်း မဟာဗန္ဓုလမ်းနှင့် သိမ်ဖြူလမ်းထောင်ရှိ မြေ ၃ ဒသမ ၀၆၈ ဧကနှင့် ၄၅ လမ်းရှိမြေ ၂ ဒသမ ၅၆၁ ဧကတို့တွင် မြို့ပြအိမ်ရာစီမံကိန်းနှင့် ယာဉ်ရပ်နားစခန်း၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနှင့် ထန်းတပင်လမ်းထောင့်ရှိ မြေ ၀ ဒသမ ၁၀၃ ဧကတွင် အဆင့်မြင့် ယာဉ်ရပ်နားရန် အဆောက်အအုံ စီမံကိန်း စသည့်လုပ်ငန်းများကို အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းတို့တွင် လုပ်ဆောင်မည့် မြို့ပြအိမ်ရာစီမံကိန်း လုပ်ငန်းများအတွက် တင်ဒါပုံစံတစ်စုံလျှင် ဒေါ်လာသုံးရာ (သို့) ကျပ်သုံးသိန်း ပေးသွင်းရမည်ဖြစ်ပြီး တင်ဒါတင်သွင်းပါက အာမခံအဖြစ် ပြည်တွင်း (သို့) မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်က လက်ခံနိုင်သည့် ဒေါ်လာ ငါးသောင်းတန်ဖိုးရှိ ဘဏ်အာမခံ ပါဝင်ရမည်ဖြစ်ပြီး ယင်းဘဏ်အာမခံကို ပြည်ပဘဏ်မှ ထုတ်ပေးခြင်းဖြစ်ရမည်ဟု သိရသည်။

ကြည့်မြင်တိုင်၊ ဗိုလ်တထောင်နှင့် ကမာရွတ်မြို့နယ်တို့တွင် လုပ်ဆောင်မည့် စီမံကိန်းလုပ်ငန်းများအတွက် တင်ဒါပုံစံ တစ်စုံလျှင် ဒေါ်လာငါးရာ (သို့) ကျပ်ငါးသိန်းဖြင့် ၀ယ်ယူနိုင်ပြီး တင်ဒါတင်သွင်းပါက အမေရိကန်ဒေါ်လာ တစ်သိန်းတန်းဖိုးရှိ ဘဏ်အာမခံ ပါဝင်ရမည်ဟု သိရသည်။  

EMG