Adventure Myanmar Tours & Incentives ကုမ္ပဏီမှ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဝင်းဟောင်းတွင် စီးပွားရေးအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၄၆၀၀၀ မြှုပ်နှံမည်


ရွှေတိဂုံဘုရားလမ်းရှိ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဝင်းဟောင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မြတ်ကို)

Adventure Myanmar Tours & Incentives ကုမ္ပဏီမှ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဝင်းဟောင်းနယ်မြေရှိ မြေ ၇ ဒသမ ၄၂၇ ဧကပေါ်တွင် လုပ်ကိုင်မည့် ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၄၆၀၀၀ မြှုပ်နှံမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

အဆိုပါကုမ္ပဏီမှ လုပ်ငန်းလုပ်ကိုင်ရန် အဆိုပြုတင်ပြထားချက်အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၃၀ ရက်က ပြုလုပ်သည့် ၄/၂၀၁၄ ကြိမ်မြောက်အစည်းအဝေးတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့်ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်နှင့် စိစစ်ချက်များအပေါ် အခြေခံ၍ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရလုပ်ကိုင်ရန် ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

လုပ်ကိုင်ခွင့်ရရှိခဲ့သည့် အဆိုပါကုမ္ပဏီသည် မြေနေရာအား BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခြင်းဖြစ်ပြီး ကြယ်ငါးပွင့်အဆင့်ရှိသည့် ဟိုတယ်၊ Shopping Mall ၊ Business Centre နှင့် Service Apartment လုပ်ငန်းများကို အကောင်အထည်ဖော် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် နိုင်ငံသားနှင့် နိုင်ငံခြားလုပ်ငန်းကုမ္ပဏီများမှ အဆိုပြုတင်ပြလာသည့် လုပ်ငန်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ၂၀၁၃ ခုနှစ်၊ သြဂုတ်လအတွင်းက နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်နေရာဟောင်းနယ်မြေရှိ မြေ ၁၂ ဒသမ ၆၀၄ ဧကကို BOT စနစ်ဖြင့် မြေငှားရမ်း၍ နိုင်ငံတကာအဆင့်မီ ဟိုတယ်၊ Service Apartment နှင့် Shopping Complex များ တည်ဆောက်ခြင်းလုပ်ငန်းကို Shwe Taing  Development ကုမ္ပဏီအား လုပ်ကိုင်ခွင့်ချထားပေးခဲ့ပြီး ယခုအခါ Adventure Myanmar Tours & Incentives ကုမ္ပဏီမှ အဆိုပါဝင်းအတွင်း၌ပင် လုပ်ငန်းလုပ်ကိုင်ရန် အဆိုပြုချက်အပေါ် ထပ်မံခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

Shwe Taing  Development ကုမ္ပဏီမှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကျပ်သန်းပေါင်းတစ်သိန်းကျော်အထိ မြှုပ်နှံလုပ်ကိုင်မည်ဟု သိရသည်။

Eleven Media
ချမ်းမြေ့သူ